ရင်ထဲ ထိရှနေသော အတွေးများ
===================== မောင်ဦး(ကောလင်း)
ဒီနေ့ သွားလာခဲ့ရသည့် ခရီးက မိုင်နှစ်ရာကျော်။
အပူချိန်က ၄ဝံ စင်တီဂရိတ်အောက် မလျှော့နိုင်သလို လေပူကြီးကလည်း တိုက်နေသေးသည်။
မသေခင် ငရဲပြည်၏ အငွေ့အသက်ကို အမြည်းပေး မိတ်ဆက်ပေးနေသလား မသိ တော်တော် အခံရခက်သည်။
စီးတော်ယာဉ်လေးသာ စကားပြောတတ်လျှင် ဒီလောက်ပူလောင်နေသည့်အထဲ ပြေးခိုင်းသဖြင့် မအေနှမ ကိုင်ဆဲမှာ သေချာသည်။
မတတ်နိုင် တာဝန်အရ သွားလာရသဖြင့် ပူသည် အေးသည်ကို ဂရုမစိုက်နိုင်ပေ။
ဝမ်းရေးတစ်ထွာ အတွက် လှုပ်မှ စားရပေမည်။
အိမ်ပြန်ရောက်လို့ မောမော ပမ်းပမ်းနဲ့ အိပ်မယ်လို့ အိပ်ယာဝင်ခဲ့ပေမဲ့ တော်တော်နှင့် အိပ်လို့ မပျော်ချေ။
တနေ့တာ အထိအတွေ့များက မျက်စေ့ထဲ ပြန်မြင်ယောင်နေသလို ကပေါက်တိ ကပေါက်ချာ အတွေးများက တောင်ရောက် မြောက်ရောက်နဲ့ပေါ့။
"အိပ်မပျော်လေတိုင်း - - -
အတွေးများကကွယ်--
ကိုယ့်အားနှိပ်စက်လေသည်မို့ကွယ်--
ရွှေအားတော်က ငယ်- --"
အရေးထဲ fm လေဒီယိုမှလာနေသော စန္ဒယားလှထွဋ်ရဲ့ အိပ်မပျော်သောည သီချင်းသံက အတွေးယန္တယားကို ဆက်လက် လည်ပတ်အောင် တွန်းပို့နေသလား မသိ။
တကယ်ဆို တွေးတယ်ဆိုတာ လွယ်ကူပေမဲ့ ကျိုးကြောင်း ဆီလျှော်စွာနဲ့ အတွေးနိဂုံး ပြီးဆုံးသွားဖို့က ခက်ခဲပါတယ်။
ဆိုလိုတာက တချို့ တွေးစရာက အဖြေတစ်ခု
ထွက်လာတတ်တယ်။
အချို့တွေးစရာများက အဖြေလည်းမထွက်၊ ဆုံးဖြတ်ချက်လည်း ချလို့ မရဘဲ သောင်မတင် ရေမကျ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရ တတ်ပါတယ်။
ဘာပဲပြောပြော သတ္တ လောကမှာ တွေးချင်လိုစိတ်နဲ့ အတူ အတွေးယန္တယား စတင်လည်ပတ် လှုပ်ရှားနေတာ အသိဉာဏ်မြင့်မားတဲ့ လူဘဲရှိသလို အိပ်မပျော်ရင် အတွေးပေါင်းစုံဝင်လာတာ လူသဘာဝ မဟုတ်ပါလား။
လူထဲက လူဖြစ်တဲ့ ကျုပ်လည်း အတွေးပေါင်းစုံနှင့် နပန်းလုံးမိရင် အိပ်မပျော်တာ မဆန်းပါဘူး။
ပထမ အတွေးက နာရေး သတင်းအကြောင်း ထူးထူးခြားခြား စိုးမိုးနေမိတယ်။
နေ့လည်ခင်းက ကားမောင်းနေရင်း ဖုန်းသတင်းဆိုး တခုက ဝင်လာတယ်။
ဆရာလိုတမျိုး လေးစားရသလို အစ်ကိုလို တသွယ် ချစ်ခင်ရလေသောသူ ဆရာစိုးတစ်ယောက် ယနေ့ ၁နာရီခွဲမှာ ဆုံးပြီတဲ့။
သတင်း ရုတ်တရက်ကြားရသည်နှင့် ဝမ်းနည်းခြင်းက ကျွန်ုပ် စိတ်ကို ခေတ္တ ခဏတွေဝေ သွားစေသည်။
မြတ်ဗုဒ္ဓဘုရားက ဟောကြားလေတော်မူသော အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးကို နားလည် လက်ခံထားပြီးဖြစ်သော်လည်း စိတ်တွင် ဤသတင်းကို လက်မခံချင်ပေ။
လူဆိုသည်မှာ ကံကုန်လျှင် သေကြရမည်ဟု မျှော်လင့်ထားပြီးဖြစ်ပါသည်။
ရှေ့ကသွားသည်နှင့် နောက်က သွားမည့်သူသာ ကွာပါသည်။
သို့သော် ဆရာဘဝရဲ့ အနိစ္စ အနတ္တကို ယခုကဲ့သို့ မြန်မြန်ထက်ထက် ဖြစ်လာလိမ့် မည်ဟု လုံးဝ မထင်ထားပေ။
ဆရာ ဖျားနာနေသည်မှ အစ လုပ်ငန်းခွင်တွင် ပြန်လည် ဆုံတွေ့ရ လိမ့်ဦးမည်ဟု စိတ်မှာ ထင်နေဆဲတွင် မမျှော့်လင့်သော သတင်းကို ကြားရ ပေသည်။
မိသားစု အပေါ် သံယောဇဉ်ကြီးမားစွာဖြင့် ဖခင်ကောင်း တစ်ယောက်တို့၏ တာဝန် ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်လေခဲ့ သော သူ--
ကြီးသူကိုလေးစား - ငယ်သူကို အလေးထားပြီး အဆင့်အတန်း မခွဲခြား လေသောသူ --
လုပ်ဖေါ်ကိုင်ဖက်များကို ပြုံးရွှင်စွာ မျက်နာထားဖြင့် စနောက်ကာ ဟာသရွှင်ဆေး အမြဲတိုက်ကျွေးပြီး ပျော်ရွှင်စွာ အလုပ် လုပ်နေတတ်သော သူ--
အောက်လက်ငယ်သားများ၏ ပြောမှားဆိုမှား ခွန်းတုံ့ပြန်လာလျှင်လည်း ပြုံးပြုံးကြီးခံယူ သည်းခံ ခွင့်လွှတ် အငြိုးအတေး မထား ဗွေမယူ တတ်လေသော သူ---
သူ့ဘက် ကိုဘက် မျှတစွာ ကြည့်မြင်တတ်ပြီး သဘောထားပြည့်ဝ လေသောသူ--
ပေးကမ်းစွန့်ကြဲမှု သဒ္ဒါတရား အားမနည်းလေသော သူ--
လုပ်ငန်းခွင် အခက်အခဲ အကြပ်အသည်းများ ကြုံလာလျှင် အထက်အောက်ကို မမျှဝေဘဲ ယမကာဖြင့် အဖေါ်ပြု ပြီး တကိုယ်တည်း ကြိတ်မှိတ်ခံစား နေတတ်သော သူ--
ထိုဆရာ၏ သရုပ်သဏ္ဍာန်များသည် ကျွန်ုပ်စိတ်တွင် ဝမ်းနည်းခြင်း နှမျောခြင်း များစွာဖြင့် အစီအရီပေါ်လာသည်။
လူသည် သေခြင်းတရားကို မြင်တွေသည်နှင့် အံ့သြ ဝမ်းနည်းထိတ်လန့်ပြီး တုန်လှုပ်ခြောက်ခြားခြင်းကို ဖြစ်စေသည်။
တနည်း သံဝေဂ ရစေသည်။
ဒါလူ့သဘာဝပင် မဟုတ်ပါလား။
ကိုယ်နှင့်ဝေးသောသူ မနီးစပ်သောသူ သေဆုံးလျှင် သံဝေဂ ရသည် ဖြစ်သော်လည်း ကြာရှည်စွာ ဝမ်းနည်းခြင်းမရှိ။
ကြီးစွာ တုန်လှုပ်ခြောက်ခြားမှု မရှိ။
ဖြစ်ပြီး မကြာမှီ --
သေပြီး မကြာမှီ --မေ့လေသည်။
စားမြဲ-စားသည်။ သွားမြဲ - သွားသည်။
ပျော်မြဲပျော်သည်။ သံဝေဂ ကြာရှည်မခံ။
သို့သော် -
ကိုယ်နှင့်နီးစပ်သူ (သို့မဟုတ်) ကိုယ့်မိသားစု တစ်ဦးဦး ဆုံးပါးသွားသည့်အခါ ကြီးစွာ တုန်လှုပ်ခြောက်ခြားခြင်း ဝေဒနာကို ခံစားရပေမည်။
ဝမ်းနည်းခြင်း ဝေဒနာကို ကြာရှည်စွာ ခံစားရမည်။
ထိုဝေဒနာများကို ဆရာသည် ကျုွန်ုပ်အား မပြောမဆို အိပ်မပျော်သောည၏ အတွေးများအဖြစ် လက်ဆောင် ပေးကမ်းခဲ့ပေပြီ။
ကြာရှည်စွာ ခံစားရမည့် ဝမ်းနည်းခြင်း လက်ဆောင်များ အဖြစ် ဝေမျှခဲ့ပေပြီ။
ဤတွင် -
ထိုလက်ဆောင်များကို ထိုဝေဒနာများကို ကျေကျေနပ်နပ် လက္ခံရင်း-
ဆရာ့ရဲ့ တိုတောင်းသော လူဘဝကျင်လည် ကျက်စားခဲ့သမျှ ကောင်းသော ပုံရိပ်များကို တခုတ်တရ အမှတ်ရနေပါမည်။
တမ်းတ ဂုဏ်ယူနေပါမည်။
ဆရာစိုး တစ်ယောက် ကောင်းရာ သုခ ဘုံသို့ ရောက်ပါစေလို့ ဆုတောင်းရင်း ကျွန်ုပ်ပြုသမျှ ကုသိုလ် ကောင်းမှု အစုစုကို အမျှပေးဝေပါသည်။
အမျှ - အမျှ- အမျှ ---ကောင်းရာ သုခဘုံမှ ကြား၍ သာဓုခေါ်နိုင်ပါစေ ဆရာ--။
အဆုံးသတ်အနေဖြင့် အတွေးနိဂုံးကောက်ချက် တခုချမိသည်မှာ
သေဆုံသွားသူအပေါ် စာတတစ်တန် ပေတစ်တန်ဖွဲ့နွဲ့ရေးနေရခြင်းသည် ထိုသူသည် လူဘဝတိုတိုနေထိုင်စဉ်ကာလ လူ့ဘဝတွင် ပတ်ဝန်းကျင်ကို တမျိုးချစ်စရာကောင်းအောင် ပေါင်းသင်း ဆက်ဆံကာ လောဘ ဒေါသ မောဟ ကင်းစွာ တန်ဖိုးရှိရှိ နေထိုင်ခဲ့သောကြောင့်ဟုကျွနုပ် ပြောရလျှင် မှားအံ့ မထင်ပေ။
( မီးရထား အနယမှ ကွယ်လွန်သူ ဆရာစိုး ခေါ် ဆရာ ဦးလှစိုးမြင့်သို့ ဝမ်းနည်းခြင်း အမှတ်တရ)
No comments:
Post a Comment