မောင်ဦး ခရီးသွားနေသည်
================
ရုပ်ရှင်မင်းသားလွင်မိုးက လွင်မိုး ခရီးသွား နေသည် ဆိုပြီး TVချယ်နယ်လိုင်းတခုလွှင့်တယ်။
ကျော်ကျော်ဗိုလ်ကလည်း အားကျ မခံ ကားလေးတစ်စီးနဲ့ ခရီးသွားရင်း တွေ့ကြုံရသည့် အံသြဘွယ်ရာများကို တင်ပြနေတယ်။
ဘယ်ရမလဲ မောင်ဦးကလည်း တစ်ဦးထဲရှိတယ်။
မောင်ဦး ခရီးထွက်နေသည် ဆိုတဲ့ မက်ဆေ့ကို ဗဟုသုတအဖြင့် TV ချယ်နယ်က မလွင့်ထုတ်နိုင်ပေမဲ့ facebook မှတဆင့် မျက်စိနောက်အောင် ဖေါ်ပြလိုက်ပါတယ်ဗျာ။
ခင်ဗျားတို့တော့ မသိဘူး။
မောင်ဦး ကတော့ ပတ်ဝန်းကျင်သစ် တစ်ခုကို ရောက်ရင် စိတ်ရော ကိုယ်ရော အရမ်းလန်းဆန်းသွားတယ်။
အီးလိုပြောရရင် Relax ဖြစ်သွားတယ်ပေါ့ဗျာ။
ဒေသသစ်ရဲ့ Lifestyle, Food, Culture ကို မြည်းစမ်းရတာလည်း စိတ်ဝင်စားစရာ ကောင်းတယ်ဗျ။
ဒီနေရာမှာ ဘိုလိုမှုတ်ရင် အထင်ကြီးတယ်ဆိုတဲ့ နလပိန်းအတွေးလေး မောင်ဦးမှာ ရှိနေလို့ မောင်ဦး ဘိုလို မှုတ်ကြည့်မိတာပါ။ စိတ်မရှိပါနဲ့။
မကြိုက်လည်း မပြောတော့ပါဘူး။
မောင်ဦးသိတဲ့ ခရီးသွားခြင်းအကြောင်းလေး ပြောရဦးမယ်။
ခရီးသွားခြင်းဟာ ကမ္ဘာလောကကြီးကို မတူညီတဲ့ ရှုထောင့်ကနေ ခဏတာ ဝင်ခံစားရတဲ့ အတွေ့အထိက အတွေး သစ်တွေကို ရစေတယ်။
အမြင်သစ်တွေကိုရစေတယ်။
စိတ်ကိုလန်းဆန်းတက်ကြွစေတယ်။
ဒေသန္တာရ ဗဟုသုတပွားများစေတယ်။
အကြံကောင်းဉာဏ်ကောင်းတွေ ရစေတယ်။
မိတ်ဆွေသစ်တွေနဲ့လည်းတွေ့ခွင့်ရစေတယ်တဲ့။
ခင်ဗျာတို့တော့ မသိဘူး။
မောင်ဦး ကတော့ နေ့ဓဒူဝ မနက်ရုံးသွား ။
ရုံးတက် လက်ဘက်ရည်ဆိုင်ထိုင်။
အရည်မရ အဖတ်မရ လေပြစ်။
ညနေရုံးဆင်း အိမ်ပြန်။
သံပတ်စက်ရုပ်သဏ္ဍန်လည်ပတ်နေရတဲ့ ဝန်ထမ်းဘဝမှာ ကြာတော့ အကြံတုံး ဉာဏ်တုံးနဲ့ အသက်ဘဲကြီးလာသလို
လူက ဘာမှ မတိုးတက်လာဘူး။
ဌာနလည်း အင်းးးအင်း အဲအဲ။
ဒါကြောင့် ဒီနေ့ မောင်ဦးတစ်ယောက် " မမ"ရဲ့ စပွန်ဆာနဲ့ ခရီးထွက်ခဲ့ပြီဗျာ။
မောင်ဦးမှာ အကျင့်တခုရှိတယ်။
မောင်ဦး ခရီးထွက်ရင် ဘဝ အမောတွေ သောကတွေကို အိမ်မှာ ကျန်ရစ်ပြီး ကိုယ့်ဘဝကို မေ့ချင်လာတယ်ဗျ။
မောင်ဦးဆိုတဲ့ လူက ဘာကောင်မှတာ မဟုတ်တယ်။
ချေး( ဂျီး) ကတော့ အများသား။
အိမ်မှာ ကြယ်မြင် လမြင်တဲကုတ်နဲ့နေရပေမဲ့ ခရီးထွက်ရင် ဟော်တယ်မှာမှ တည်းချင်တယ်။
အိမ်မှာ ချက်အရက်တောင် နှပ်မမှန်တဲ့ မောင်ဦးက ဘဲကင်၊ ရှန်ပိန်၊ ဝစ်စကီ၊ ငါးသုံးလုံး၊ မာဘိုလို ထည်လဲသုံးစွဲချင်တယ်။
ကုန်ကျစားရိတ်ကတော့ သိတယ်မဟုတ်လား။
ဝန်ထမ်းလေ။ နယ်ကလူတွေ နှပ်မမှန်တာတော့ မသိဘူး။ မောင်ဦးကတော့ အကျင့်ပါနေပြီ။
မောင်ဦး ကိုယ့်ကို အကျင့် မကောင်းမှန်း သိသော်လည်း ပြင်မရဘူးဗျ။
ထားပါလေ။ စာရေးရင်းနဲ့ ဖီးတက်ပြီး ဘယ်ရောက်သွားမှန်းမသိတော့ဘူး။
မဆီ မဆိုင်ရာတွေရောက်သွားပြီ။
ဒီနေ့ ခရီးသွားရင်နဲ့ ရောက်ခဲ့တဲ့ နေရာလေး တခု အကြောင်းပြောပြ ပေးချင်လို့ပါ။
အဲဒါကတော့ မြန်မာပြည်မှာ လူသိနည်း သလိုရှိနေပေမဲ့ ကမ္ဘာပေါ်မှာ ထင်ပေါ် ကျော်ကြားလှတဲ့ ဂုတ်ထိပ်တံတားကြီး အကြောင်းပြောပြချင်လို့ပါ။
အဲဒီတံတားကြီးဟာ မန္တလေး လားရှိုး ရထားလမ်း ပေါ်မှာတည်ရှိပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် နောင်ချိုဘူတာ အလွန် (၇)မိုင် အကွာ မိုင်တိုင် - ၄၆၃/ဝ၉ တွင် တည်ရှိတယ်။
ဂုတ်ထိပ် တံတားကြီး ကို လန်ဒန်ရှိ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီမှ ပုံစံရေးဆွဲ၍ အမေရိကန် ပြည်ထောင်စု ပင်ဆီဗေးလ်နီးယား နှင့် မာရီလင်း တံတား တည်ဆောက်ရေး ကုမ္ပဏီ က ၁၉ဝ၃ ခုနှစ်တွင် ဆောက်လုပ် ခဲ့ပြီး အရှည်ပေ ၂၂၆ဝ ရှိသည်။
တံတားကြီး၏ တိုင်များမှာ ကွန်ဂရစ်တိုင်များ မဟုတ်ဘဲ သံမဏီ သံတိုင်များဖြစ်သည်။
သံတိုင်မှာ အမြင့်ဆုံးပေ ၃၂ဝ ဖြစ်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေရှိသည်။ ထူးခြားချက်မှာ အခြားသော တံတားကြီးများ ကဲ့သို့ မြစ်ချောင်း များကို ဖြတ်၍ ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ် စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခဲရာခဲဆစ် တည်ဆောက် ထားခြင်း ဖြစ်သည်။
တဘက် တောင်ကမ်းပါးရံတွင် ဥမှင်လှိုင်ခေါင်း တည်ဆောက်ထားသည်။
ဆောက်လုပ်ချိန် ကိုးလသာ ကြာမြင့်ခဲ့ပြီး တံတား ကုန်ကျငွေမှာ စတာလင် ပေါင် ၁၁၃၂ဝဝ ခန့် ကုန်ကျခဲ့ ကြောင်း မြန်မာ့ မီးရထားမှ အငယ်တန်းအင်္ဂျင်နီယာ ဦးတင်ဝင်း ပြောပြချက်အရ သိရပါသည်။
ထိုတံတားကြီး တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှု နှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြား လာသော တံတားဖြစ်ပြီး ကမ္ဘာအံ့ဖွယ် စာရင်းများတွင် ပါဝင်နေသည်ဟုသိရပါတယ်။
ယနေ့တိုင် အထိလည်းမြန်မာပြည်၏ အမြင့်ဆုံးတံတား ကမ္ဘာအကြီးဆုံး မီးရထား သံလမ်းတံတားဟု မှတ်ကျောက် တင်ဆဲ ဖြစ်ကြောင်း သိရပါတယ်။
ရထားစီးရင်းဖြင့် ဘေးဘယ်ညာ လှပသောရှုခင်းများကို တွေ့မြင်ရမည် ဖြစ်သလို အသည်းတထိတ်ထိတ် ရင်တဖိုဖိုဖြစ်တဲ့ ရသကိုလည်း ခံစားရမည် ဖြစ်ပေသည်။
ခေတ်အဆက်ဆက် ပျက်စီးယိုယွမ်းမှုများကို ထိန်းသိမ်းလာခဲ့ခြင်းကြောင့် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည့် ဂုတ်ထိပ်တံတားသည် ကမ္ဘာလှည့်ခရီးသွား များနှင့် ပြည်တွင်းခရီးသွားများ အတွက် စိတ်ဝင်စားဖွယ်ရာ သွားရောက်လေ့လာဖွယ်ရာ နေရာတခု ဖြစ်ကြောင်း မောင်ဦးက အသိပေးပါရစေ။
နှစ်ပေါင်း (၁ဝဝ)ကျော် ရှိပြီ ဖြစ်သည့် အဆိုပါ ဂုတ်ထိပ်တံတား ကို ဖြတ်သန်း လေ့လာရန် ကမ္ဘာလှည့် ခရီးသွား များသည် မန္တလေးနှင့် ပြင်ဦးလွင် တို့မှ ရထားစီး၍ လာရောက်မှု များရှိပြီး နိုင်ငံခြားသား များအတွက် ရထားလက်မှတ် ကို ယခင်က ကဲ့သို့ ဒေါ်လာဖြင့် ဝယ်ယူရန် မလိုဘဲ ပြည်တွင်း ခရီးသွားများ နှင့် ဈေးနှုန်းတူ မြန်မာ ကျပ်ငွေဖြင့် ဝယ်ယူစီးနင်း နိုင်ရန် သတ်မှတ် ထားပြီး လာရောက် လေ့လာသူ များပြား လာကြောင်း သိရသည်။
ဒါကြောင့် နိုင်ငံရပ်ခြားကပင် စိတ်ဝင် တစား လာရောက် ကြည့်ရှုနေရသော ဂုတ်ထိပ် တံတားကြီးကို သင်မရောက်ဖြစ်လျှင် သင်တခေတ်နောက်ကျသွားပေလိမ့်မည်လို့။