အလကားလူ -လူပို

အလကားလူ -လူပို
==========

ဒီနေ့ ရုံးမှာ ခရီးဝေးမှ ပြန်ရောက်လာလို့ ကားပေါ်က မဆင်းရသေးဘူး
" ဘယ်က လာတာလဲ" လို့ အဖိုးကြီးတစ်ယောက်က  မေးတယ်။

ကျုန်ပ်လည်း "မသိဘူး" လို့ ယဉ်ယဉ်ကျေးကျေးကျေး ပြန်ဖြေမိပါတယ်။

အဖိုးကြီး သာဓု သုံးကြိမ်ခေါ်တယ်။

ကျွန်ုပ်နှင့်အတူပါလာသော ကျွန်ုပ်မိတ်ဆွေက "ရန်ကုန်ကပါ"ဆိုပြီး ကြားဖြတ်ဝင်ဖြေတယ်။

အဖိုးကြီး သူ့အဖြေ ကြားလိုက်သည်နင့် လက်ကာပြတယ်။

ပြီး အဖိုးကြီးက ကျွန်ုပ်ကို စိုက်ကြည့်ပြီး "ဘယ်သွာမှာလဲ" လို့ ဆက်မေးတယ်။

ကျွန်ုပ်က ယဉ်ယဉ်ကျေးကျေးဘဲ "မသိဘူး" လို့ တိုတိုတုတ်တုတ် ဖြေလိုက်တယ်။

အဖိုးကြီး ဒုတိယ အကြိမ် သာဓုသုံးကြိမ် ဆိုပြန်သည်။

ကျုန်ုပ် မိတ်ဆွေမှာ ကျွန်ုပ်၏ အဖြေကြောင့် ကျွန်ုပ်အား ဘုကြည့်ကြည့်ကာ မကျေနပ်လေသည်လား မသိ။

"ရန်ကုန်ကပြန်ရောက်လို့  ရုံးပေါ်သွားမှာ အဖိုးကြီး" ကြားဖြတ်ဝင် ဖြေလေသည်။

အဖိုးကြီး မှ ဒုတိယ အကြိမ် သူ့အား လက်ကာပြပြန်သည်။

ကျွန်ုပ်မိတ်ဆွေ မှာမူ သူ့အဖြေအပေါ် အဖိုးကြီးမှ သာဓု မခေါ်သည့် အပြင် လက်ကာပြနေသဖြင့် အောက်သက်သက် ဖြစ်ပုံရသည်။

နှတ်ခမ်းကြီးဆူနေသည်။

အဖိုးကြီးသည် ကျွန်ုပ်ဖက်လှည့်ပြီး " ဘယ်တော့ သွားမှာလဲ" ဟုဆက်မေးပြန်သည်။

ကျွန်ုပ်မှ ယခုမေးခွန်းကိုလည်း " မသိဘူး"ဟု တခွန်းတည်း ဖြေလိုက်သည်။

အဖိုးကြီး သာဓု သုံးကြိမ် ခေါ်ပြန်သည်။

ကျွန်ုပ် မိတ်ဆွေမှ အခုသွားမှာလေ အဖိုးရဲ့ ဟုကြားဖြတ် ဝင်ဖြေပြန်သည်။

အဖိုးကြီး မှာ သူ့အဖြေကြားသည်နှင့် လက်ကာပြပြန်သည်။

ကျွန်ုပ်၏ မိတ်ဆွေမှာ အဖိုးကြီး နှင့် ကျွန်ပ်တို့ ၏ အပြုအမူကြောင့် ကျေနပ်ဟန် မရှိ။

အဖိုးကြီးသည် ကျွန်ပ်အား ပြုံးရွှင်စွာ ကြည့်ကာ "သွားရမှာကော သိသလား" ဆက်မေးပြန်သည်။

ကျွန်ုပ်မှ နောက်ဆုံးမေးခွန်းကိုဘဲ သွားရမှာသိပါတယ် အဖိုးရယ် လို့ ဖြေလိုက်သည်နှင့် အဖိုးကြီးမှ သာဓု သုံးကြိမ် ခေါ်ပြန်သည်။

ဘေးမှာ မကျေမနပ်နှင့် ရပ်နေသည့် ကျွန်ုပ် မိတ်ဆွေမှ ကျွန်ုပ်အား လက်ညှိးထိုးပြီး " ဒီလူက အလကားပါ အဖိုး ရာ သွားရမှာ မသိပါဘူးဗျာ ခရီးထွက်ခါနီးမှ သိတာပါတဲ့။

အဖိုးကြီး သည် သူ့အဖြေ မဆုံးမှီ လက်ကာပြပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။

ကျွန်ုပ် မိတ်ဆွေမှာ အဖိုးကြီးအား မကျေမနပ်ဖြင့် အဖိုးကြီးရှေ့သွားရပ်ကာ မေးလေသည်။

"နေပါဦး အဖိုးရဲ့ သူ့ကျတော့ မသိဘူး သိတယ်ဖြေယုံနဲ့ သာဓု ခေါ်တယ်။ ကျုပ်ကကျတော့
-ဘယ်က လာလဲမေးလို့ ရန်ကုန်ကလာတယ် ။

-ဘယ်သွားမှာလဲ မေးလို့ ရုံးပေါ်သွားမယ် ။

- ဘယ်တော့ သွားမလဲ မေးလို့ အခုသွားမယ်။

-သွားရမှာ သိသလား မေးလို့ မသိဘူး ဖြေတယ်
အဲဒါ မမှန်ဘူးလား သူကျတော့ သာဓုခေါ်ပြီး ကျုပ်ကျတော့ လက်ကာပြတယ်။ အဲဒါ ဘာသဘောလဲ"
ဟု မကျေမချမ်းဖြင့် မေးလေသည်။

အဖိုးကြီးသည် ကျွန်ုပ်မိတ်ဆွေအား တချက်စိုက်ကြည့်ပြီး ဟားတိုက်ရယ်လေသည်။

ဟားဟား ....မင်းက သူကျတော့ အလကားလူတဲ့။

မင်းကမှ တကယ့် အလကားလူကွ အဲဒါကြောင့်လဲ မင်းကလူပိုကြီး ဖြစ်နေတာကွ--

ငါမေးတာက ဘယ်က လာသလဲ မေးတာက မင်း ဘယ်ဘဝက လာသလဲ မေးတာကွ ။

မင်းသိလား။

လူဆိုတာ ဘယ်ဘဝ လာတယ်ဆိုတာ ဘုရားမှအပ မည်သူမှ ကိုယ့်ဘဝကို ဘယ်ကလာမှန်းမသိဘူးကွ။ မှတ်ထား။

ဘယ်သွားမှာလဲ မေးတာက ကိုယ်သေရင် ဘယ်ဘဝရောက်မယ် ဘယ်သွားမယ် ဆိုတာမေးတာကွ။ မင်း သိလား။

ဘယ်တော့ သွားမလဲ မေးတာက ဘယ်ချိန်သေမလဲ ဘယ်တော့ ဘဝတပါးသွား မလဲ မေးတာကွ ။

မင်းသိလား မင်းသေရမည့်အချိန်သိလား ဖြေစမ်း။

သွားရမယ်ကောသိသလား မေးတာက ကံကုန်ရင် သေမယ် ဆိုတာ သိလားမေးတာကွ။

မသိဘူးဆိုရင် မင်းငတုံးဘဲကွ ။

လူဆိုတာ အိပ်စားကာမ သိယုံတင်ဆို လူမဟုတ်ဘူးကွ။

လူ့ပြည်မှာနေတဲ့ လူပိုဘဲကွ။

မင်းကမှ တကယ့် အလကား လူကွ ဟားဟား ဟား.....

 အဖိုးကြီးသည် ဟားတိုက်ရယ်မောရင် ကျွန်ုပ်အနားမှ ထွက်ခွာ သွားလေသည်။

အရှင် ဒေါက်တာနန္ဒမာလာ ဘိဝံသဆရာတော်၏ တရားကို မှီငြမ်းကိုးကားညွှန်းဖွဲ့သည်။

                                                                            တိုဟူး တိုဟူး

လွမ်းမိပါသည် ငွေတောင်ပြည်


လွမ်းမိပါသည် ငွေတောင်ပြည်

===============    ( တိုဟူး)

ချစ်ဦးသူရဲ့လက်ဖျားလေးကို ထိတွေ့ကိုင်ခွင့်ရသည် first time အချိန်လေးသည် လည်းကောင်း--

ရင်ထဲမှာ ဒိန်းတလိမ်းနတ်ဖမ်းစားသလို ရှိန်းတိမ်း ဖိမ်းတိမ်း ခံစားရသည့် မင်္ဂလာဦးည၏ first time အချိန်လေးသည် လည်းကောင်း--

ဘဝရဲ့ မမေ့နိုင်သော အစိတ်အပိုင်းလေး ရှိခဲ့ဖူးကြမှာပေါ့။

ထိုအပြင် မရောက်ဘူးသောဒေသ မသွားဘူးသောနေရာ ဒေသန္တရ သို့ ပထမဦးဆုံး အကြိမ် ရောက်ရှိပြီး ထိတွေ့မြင်ရသည်မှာ ဖေါ်မပြနိုင်အောင် ဝမ်းသာကြည်နှုးသလို တသက်တာ အမှတ်ရစရာ တခုဆိုလျှင်လည်း လက်ခံမယ်လို့ ထင်ပါတယ်။

ယခင်အပါတ် ခရီးမထွက်ခင် နှစ်ရက် သုံးရက်ခန့်က သွားလာရမည့်ခရီးစဉ်ကို ကြည့်ပြီး တော်တော် စိတ်ပျက်မိသည်။

လူ့စိတ်ဆိုတာကလည်း အခက်သား။

သွားလာဖူးသည့် ဒေသ- မကြာခဏရောက်လေ့ရှိသည့်နေရာ-
ဖြစ်လျှင် မသွားချင် မလာချင်ပေ။

စိတ်ထဲက သွားလာ ရမည်ကို ဝန်လေးနေမိသည်။

ယခုအပါတ် ခရီးစဉ် အဖြစ် စစ်ကိုင်း ကသာ သို့မဟုတ် ပုဂံ ပခုက္ကူ သွားရမည်လို့ အစ ပထမ သိထားတယ်။

ဒီဒေသတွေက ကျနော့်အတွက် ချောင်းပေါက်အောင်သွားလာနေသည့် အရပ်ဒေသ ဖြစ်သည်။
 
ထို့ကြောင့် သွားလာရမည်ကို စိတ်ထဲ လေးလံနေခဲ့သည်။

မတတ်နိုင်ဘူး။

ဝန်ထမ်းဆိုတော့ သူ့ဆန်စား ရဲမှ ဆိုသလို အချိန်တန်လျှင် စိတ်မပါလည်း သွားရပေမည်။

ဒါပေမဲ့ ဝန်ထမ်းဆိုတဲ့ အတိုင်း အချိန်မရွေးပြောင်းလဲနေသော မိုးတိမ်တောင်လိုဘဲ ခရီးထွက်မည့် နေ့မှ ခရီးစဉ်က ပြောင်းလဲ ထွက်ပေါ်လာတယ်။

ယခုသွားရမည်က ကယားပြည်နယ် လွိုင်ကော်တဲ့။

ကျနော် တသက်နှင့် တကိုယ် မရောက်ဖူးသေး သောဒေသ ဖြစ်နေသည်။

သည်ဒေသသည် ကျနော့် အတွက် first time. ပထမဆုံး အကြိမ်။

မြန်မာနိုင်ငံရဲ့ တိုင်းနှင့် ပြည်နယ်များ၏ မြို့တော် များသို့ သွားရောက်ဘူးသော်လည်း ကယားပြည်နယ် မြို့တော် လွိုင်ကော်သို့ လုံးဝ မရောက်ဖူးချေ။

ငယ်ရွယ်စဉ် ကတည်းက အလည်အပါတ် ရောက်ချင်နေသော ဒေသဖြစ်သည်။

ပြီး ကျနော် အရမ်းတွေ့ချင်နေသော သူနှင့်လည်း တွေ့ရတော့မည်။

ထို့ကြောင့် ကျနော် အရမ်း ပျော်သွားသည်။

နေပြည်တော်မှ လေးနာရီခန့် ကားစီးသွားသည်နှင့် ၁၂၁မိုင်ဝေးသော တောင်ပေါ်မြို့ဖြစ်သည့် ကလောသို့ ညခုနှစ်နာရီ ခန့်ရောက်ပြီး ညအိပ်တယ်။

ကလောမှ မနက် ခုနှစ် နာရီတွင် ၁၀၂.၅၃ မိုင်ဝေးသော လွိုင်ကော်သို့ ဦးတည်ထွက်လာသည်။

လမ်းတွင် ပင်လောင်း ဖယ်ခုံ မိုးဗြဲ စသည်ရှမ်းပြည်နယ်၏ သတ်ရပ်သန့်ရှင်းပြီး စည်ကားဝေစီနေသော တောမြို့ကလေးများကို ဖြတ်သန်းသွားရသည်။

ခေတ်မှီ ကားကြီး ကားငယ်များ ထော်လာဂျီ များ နှင့်အတူ ဆိုင်ကယ်များလည်း ဦးဒဟို သွားလာနေကြသည်ကို တွေ့မြင်ရသည်။

လမ်းခရီးစဉ် တလျှောက်တွင် အညာဒေသကဲ့သို့ ခြောက်သွေ့သွေ့ တောင်ကုန်းများ တဲအို တဲစုတ်များ ပလပ်စတစ်အမှိုက်များ သိပ်မတွေ့ရပေ။

ဗြုံးအုတ်များဖြင့် လေးထောင့် စပ်စပ် တည်ဆောက်ထားသော ရိုးရိုးရှင်းရှင်း နှစ်ထပ် တစ်ထပ် တိုက်အိမ်များကိုသာ သတ်သတ် ရပ်ရပ် အတွေ့ရ များသည်။

အထက်အောက် အနက်ရောင်ဝတ် ပအို့ တိုင်းရင်းသူ အမျိုးသမီးများနှင့် ခေါင်းပေါင်း ဆောင်းထားသော ပအို့ အမျိုးသားများကိုလည်း အတွေ့ရများသည်။

မှို င်းပြပြ မိုးတိမ်တောင် အောက်တွင် တွေ့မြင်ရသော တောင်တန်း တောင်စွယ်များ လှေကားထစ် တောင်ယာစပါးခင်းများနှင့်အတူ တမျှော်တခေါ်သီးနှံ စိုက်ခင်းမျိုးစုံ၏ ရှုခင်းအလှ သည် ပန်းချီဆရာကြီး ပီကာဆို လက်မှိုင် ချလောက်ပါပေသည်။

လမ်းတွင် မြင်တွေ့ရသမျှ သည် ကျနော့်အတွက် အသစ်အဆန်းတွေ ကြီးဖြစ်နေသည်။

မြန်မာနိုင်ငံတနိုင်ငံလုံးကို လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေသော မိုးဗြဲ ဆည်၏ အလှသည် လာရောက်ကြည့်ရှု့သူ ကင်မရာများ၏ ရိုက်ချက် အောက်တွင် ဆူညံနေသည်။

ကလောနှင့် လွိုင်ကော် ၁၀၂ခန့်သာ ဝေးကွာသော်လည်း တောင်ဆင်း တောင်တက်နှင့် နားနားနေနေ ကားမောင်း လာသဖြင့် ညနေ၃နာရီခန့် အချိန်မှသာ ကယားပြည်နယ်၏ မြို့တော် လွိုင်ကော် သို့ရောက်ပေသည်။

လွိုင်ကော်သို့စတင် ဝင်ရောက်သည်နှင့် ကျနော် ငယ်စဉ် ကတည်းက စွဲလန်းခဲ့ရသော ကိန္နရီ ကိန္နရာ မောင်နှံ၏ အကဖြင့် စီးကြိုျနေသော ရုပ်ထုကို စတင်တွေ့သည်။

ကျနော် မြင်တွေ့လိုသောသူ ကိုလည်း သွားနေရင်း လမ်းဘေးဝဲယာသို့ မသိမသာ ရှာနေမိသည်။

မတွေ့။

မြို့ထဲ စရောက်သည်နှင့် ကိန္နရီ ကိန္နရာ မောင်နှံနှစ်ဖေါ်ကို လမ်းအဝိုင်းပတ် အလည်တွင် ဒုတိယအကြိမ် ထပ်မံ တွေ့မြင်ရပြန်သည်။

ကျနော် ငယ်စဉ် ကတည်းက ပုံပြင်နှင့် ဇာတ်သဘင်များတွင်ကြည့်၍ စွဲလန်းခဲ့ရသော လူ့ခန္ဓာကိုယ်နှင့် ငှက်တောင်ပံပါသော ကိန္နရီငှက်မလေး 'ဒွေးမယ်နော်' လွမ်းစရာ ဒဏ္ဍာရီ ဇာတ်လမ်းလေးသည် အစီအရီ ပေါ်လာသည်။

ထိုပုံပြင်ထဲတွင် ငွေတောင်ပြည်မှ ကိန္နရီငှက်ညီအစ်မ ခုနှစ်ဖော် တို့သည် ငွေတောင်ကြီး၏ ခြေရင်းတွင်ရှိသော တောအုပ်ကြီးအတွင်းမှ ရေကန်ကြီးဆီသို့ နေ့စဉ်
ပျံသန်းကြပြီး ထိုရေကန်ကြီး အတွင်းတွင် မြူးတူးပျော်ပါး ရေဆော့
ကစားလေ့ ရှိကြသည်။

တနေ့တွင် တက္ကသိုလ်မှ ပညာသင်ပြီး ပြန်လာသော ''သုဓနု'' ဆိုသော မင်းသားတစ်ပါးသည် ထိုတောအုပ်ကြီး အတွင်းမှ ဖြတ်သန်းသွားစဉ် ရေကန်ကြီး အတွင်း၌ ရေဆော့ ကစားနေသည့် ကိန္နရီ ညီအစ်မ ခုနှစ်ဖော်ကို တွေ့ရှိသွားသည်။

လူသူမနီးသော တောအုပ်ကြီးအတွင်းမှ ရေကန် ကြီးအတွင်း ဤကဲ့သို့ပျိုမြစ်နုနယ်သော မိန်းမပျိုကလေးများကို တွေ့ရသည့် အတွက် သုဓနုမင်းသားသည်အလွန်အံအားသင့်သွားပြီး လူလော-နတ်လော ခွဲခြားသိစေရန်အတွက် နဂါးကျော့ကွင်းဖြင့် ထောင်ဖမ်းသည်။

 ညီအစ်မ ခုနှစ်ဖော်အနက် အသက် အငယ်ဆုံးနှင့် ချောမောအလှပဆုံး 'ဒွေးမယ် နော်' လေးကို ကျော့ကွင်းဖြင့်ဖမ်းမိပြီး သူ၏တိုင်းပြည်သို့ ခေါ်သွားလေသည်။

သုဓနု မင်းသားသည် ဒွေးမယ်နော်ကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်သဖြင့် လက်ထပ် ထိမ်းမြားကာ နန်းတော်တွင် စည်းစိမ် အပြည့်အဝ အခြွေအရံအပြည့်အစုံဖြင့် ထားသည်။

သို့သော်လည်း 'ဒွေးမယ်နော်'လေးသည် မပျော်ပိုက်ပဲ ဌာနေ ဖြစ်သော ငွေတောင်ပြည်သို့ အမြဲတမ်းလွမ်းနေလေ့ရှိသည်ဟုဆိုသည်။

ကျနော်တို့ ငယ်စဉ်က ထိုပုံပြင်ကို ဇာတ်ကြီးများ နောက်ပိုင်း မင်းသား မင်းသမီးတို့ အဆိုအငို အပြောများက မျက်စိထဲမှ မထွက်။

ကိန္နရီမလေး 'ဒွေးမယ်နော်'ကို သနားခဲ့ပြီး ဒွေးမယ်နော်တို့၏ဌာနေ ငွေတောင်ပြည် ဆိုသည်ကို ရော်ရမ်း၍ မှန်းဆခဲ့ဖူးသည်မှ ယနေ့စတင် ချေချမိပါပြီ။

မြို့အဝင် ဆုတောင်းပြည့် ဘုရားတွင် ဝတ်ပြုပြီး ဆက်အထွက် နာရီစဉ် အဝိုင်းပါတ်တွင် ဒေါသက မထွက်ချင်ဘဲ ထွက်လိုက်ရ သေးသည်။

အဝိုင်းပါတ်နေသည့် ကျနော့ကားကို ဖြတ်ဝင်လာသောကားက မိတ်ဆက်မလိုလို ဖြစ်လိုက်ရသေးသည်။

ယာဉ်စည်းကမ်း နားမလည်လေသော ကိုယ်တော်ချောက ငပြူ း ကပြဲပြနေပြန်သည်။

ကျေးဇူးရှင် ရဲဝင်ရောက်ပြောမှ အမြီးကုတ်ပြီး မျက်နာချိုသွေးကာ ဆောတီးတဲ့။

ဟူး တော်ပါသေးရဲ့။ဘုရား ဘုရား ။

ဘုရား အရင်ဦးခိုက်မိတဲ့ တန်ခိုးတော်ကြောင့် အန္တရာယ်က လွှတ်မြောက်ရပေသည်။

မှန်တိုင်းလည်း မကောင်းပေ။

ကိုယ့်ကိုလည်း ရောမ ရောက်လျှင် ရောမ အတိုင်း ကျင့်ကျန်ရန် သတိပေးမိသည်။

ကယားပြည်နယ်၏ မြို့တော် ဖြစ်ပါလျှက် ပေ၁၀၀ကျော်ကျော် အကျယ်ရှိ ဘီလူးချောင်းကို တလမ်းမောင်း တံတားကျဉ်းကြောင့် မီးပွိုင့်စနစ်ဖြင့် တဖက်ပိတ်ပြီး တဖက်သွားလာ စနစ်မှာ မြို့တော်အင်္ဂါရပ် မညီဟု ထင်သည်။

တံတားတိုးချဲ့ရန် စည်ပင်၌ ပိုက်ပိုက်(ငွေ) ခန်းနေသလားမသိ။

တောင်ကွဲစေသည်၏ မတ်စောက်သော အတက် အဆင်းလှေကားများကြောင့် အသည်းတထိပ်ထိပ် ရင်တဖိုဖို ရသကိုလည်း ခံစားရပေသည်။

အသည်းငယ်သော ကျနော်တို့ ကျေးဇူးရှင် ဆရာသမားမှာမှု ကျန်းမာရေးအကြောင်းပြလျှက် တောင်ပေါ် မတက်ဘဲ ရင်ပြင်၌နေရစ်ခဲ့သည်။

တောင်ပေါ်မှ တွေ့မြင်ရသော ကျယ်ဝန်းသော လွိုင်ကော်မြို့၏ နေဝင် ဆည်းဆာ အလှသည် ရှုမငြီးနိုင်ပေ။

ဘုရားပေါ်တွင် ခရီးသွားများဖြင့် စည်ကားနေပြီး ထိုထဲမှ ကျနော်ရှာနေသော သူကိုလည်း မသိ မသာရှာနေမိသည်။

မတွေ့။

ကယားပြည်နယ်သည် မြန်မာ နိုင်ငံ၏ အရှေ့တောင်ဖက်တွင် တည် ရှိပြီး အရှေ့ဘက်တွင်ထိုင်းနိုင်ငံ၊ မြောက်ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် မန္တလေးတိုင်းဒေ သကြီးနှင့် တောင်ဖက်တွင် ကရင် ပြည်နယ်တို့ရှိသည်။

အကျယ်အဝန်း အားဖြင့် ၄၅၁၉မိုင်သာရှိရာ ပြည် နယ်အသီးသီးတွင် အငယ်ဆုံးပြည် နယ်ဖြစ်ပြီး မြန်မာနိုင်ငံအကျယ် အဝန်း၏ ၁.၇၅ ရာခိုင်နှုန်း သာရှိသည်ဟု သိရသည်။

ကယားပြည်နယ်၏ အရှေ့နှင့် အနောက်သည် ၆၅မိုင်ကျယ်ပြီး တောင်နှင့်မြောက်သည် ၁ဝ၅မိုင်ရှိ သည်ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၀၀မှပေ ၆၀၀၀ကျော်ထိ မြင့် မားသော ကုန်းပြင်မြင့်မြေပေါ်တွင် တည်ရှိပြီး ရာသီဥတု သမမျှတသည်ဟု ဒေသခံ ပြောပြချက်အရ သိရသည်။

လွိုင်ကော်နှင့် ဒီမော့ဆိုဝန်းကျင်တွင် သာ လွင်ပြင် အနည်းငယ်ရှိပြီး ကျန် ဒေသများသည် တောင်ကုန်း၊ တောင် တန်း၊လျှိုမြောင်၊ ချောက်ကမ်းပါးများ ဖြစ်သည့်အတွက် လမ်းပန်းဆက် သွယ်မှုခက်ခဲသည် ဟု သိရသည်။

ပြည်နယ်အတွင်း ကျေးရွာချင်းဆက်လမ်းများ ရှိသော် လည်း ပြည်မကြီးနှင့် ဆက်သွယ်ရာ တွင် များသောအားဖြင့် ကလော၊ အောင်ပန်းလမ်းခွဲမှ ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်လမ်းကို အသုံးပြု လေ့ရှိကြသည်။

ရွှေညောင် လွိုင်ကော် ရထားလမ်းဖြင့်လည်း သွားလာနိုင်ပေသည်။

ထို့အပြင် ရန်ကုန်မှလွိုင်ကော်သို့ လေကြောင်း ခရီးစဉ်ဖြင့်လည်း သွားလာနိုင်သည်ဟု သိရသည်။
ကယားပြည်နယ် သည် အခြားပြည်နယ်များကဲ့သို့ လူဦးရေမထူထပ်၊ ကယားတိုင်း ရင်းသားများသာ အနေများသော ပြည်နယ်ဖြစ်သည်။

ကျနော်တို့ ခရီးစဉ်သည် နေပြည်တော်မှ လွိုင် ကော်သို့ ကားဖြင့် သွားရောက် ခြင်းဖြစ်သည်။

လွိုက်ကော်တွင် ရိပ်သာ၌ တညတာတည်းခိုပြီး နောက်ရက် ကလောသို့ ပြန်လာခဲ့သည်။
 
ကလောမှ မပြန်ခင် ကျွေးမွေးဧည့်ခံ သော ခရမ်းချဉ်သီး ပန်ထွေဖျော်ဟင်းတခွက်သည် ကျနော်တို့ အဖွဲ့အတွက် တသက်စာ မေ့မရနိုင်သော နံနက်စာ တခုဖြစ်ခဲ့ပေသည်။

ဧည့်ခံကျွေးမွေးလေသော တိုင်း၄မှ အပိုကြီး အဲ ဒေါ်ကြည်ထွေးအဖွဲ့ကို အထူးကျေးဇူး တင်မိပါပေသည်။

ကျနော်သွားလာခဲ့သော ယခု ခရီးစဉ်သည် ပထမဆုံးနယ်မြေသစ် ဒေသသစ်ကို first time သွားလာရသဖြင့် စိတ်ထဲတွင် အမှတ်တရဖြစ်ရသလို စွဲလန်းသာယာ စိတ်ချမ်းမြေ့ခြင်းနှင့် အတူ ဒွေးမယ်နော်လေး၏ ငွေတောင်ပြည်သို့ လွမ်းဆွေးမှု ကို စာနာနားလည် မိပါသည်။

သို့သော်-

ကျနော်တွေ့လိုသူကို မတွေ့ရသဖြင့် စိတ်ထဲ မချင့်မရဲ ဖြစ်ရသည်။

သူတို့မှာ -ကျနော်မျက်စိထဲတွင် မြင်ယောင်နေသော ကယားရိုးရာ ဝတ်စုံလေးဖြင့် မြတ်နိုးနိုး ဝတ်ဆင်ထားပြီး တင့်တယ်လှပနေသော ကယားတိုင်းရင်းသူ/သားများပင်ဖြစ်ပါသည်။

(အချက်အလက်များပြောပေးပါသော ရိပ်သာ အဖွဲ့အားအထူးကျေးဇူးတင်ပါသည်)

31.7.2016 လွိုင်ကော်မြို့ရောက် အမှတ်တရ  မောင်ဦး (တိုဟူး)


အမြန်လမ်းမှ ခရီးသွားခြင်း

အမြန်လမ်းမှ ခရီးသွားခြင်း
===============

လမ်းခရီးပန်းတိုင်က ကောလင်း ။

သွားရမည့်မိုင်က ၅၃၀ ကျော် ရန်ကုန် မှ ကောလင်း နည်းနည်းနောနော ခရီးမဟုတ်ချေ။

စိတ်က ရရှိထားသည့် ခွင့်ရက်အတွင်း မြန်မြန်ပြန်ချင်နေမိသည်။

ကားနှင့်ပြန်ရ ကောင်း မလား...

ရထားနှင့်ပြန်ရကောင်း မလား...လို့ စိတ်ထဲ ဝေခွဲ၍ မရ။

ကားစီးပြန်လည်း နှစ်ရက်။

ရထားစီးပြန်လည်း နှစ်ရက် ။

ခွင့်ရသည်က ၅ ရက်။

အသွားနှစ်ရက် အပြန်နှစ်ရက် အချိန်ပေးရလျှင် ကောလင်းနေရမည်က တစ်ရက်တည်း။

ဘာမှ အလုပ်ဖြစ်မည် မဟုတ်။

ဒါတောင် လမ်းခရီးစဉ်က အဆင်ချောမောလေမှ ဖြစ်မည်။

သို့မဟုတ်ပါက လမ်းမှ လှည့်ပြန်ရပေမည်။

ဈေးကွက်နည်းအရ တွက်ချက်ရလျှင်ဒီခရီးက သိတ်မကိုက်။

သောက်လက်စ လက်ဘက်ရည်ခွက်ကို စားပွဲပေါ် အသာချပြီး ကျေးဇူးရှင် လက်ဖက်ရည် ဝိုင်း ဒကာတော် ကျွန်ုပ်တို့ အလွန်လေးစား ရပါသော ဂုရုချယာကြီးကို မည်ကဲ့သို့ပြန်ရမည်ကို အားကိုးတကြီးဖြင့် အကြံအဥာဏ် တောင်းမိသည်။

ချယာကြီးသည် သူ့အား အရေးတယူ အားကိုးပါလေသည်ဆိုကာမှ ဂုရုကြီးတို့ ထုံးစံအတိုင်း စတိုင်အပြည့် မလိုင်အပြည့်ဖြင့် အိုက်တင်ခံနေသည်။

ကျွန်ပ်ကိုပြန်စိုက်ကြည့်ကာ မရှိသည့် မေးမွေး နှစ်ပင် သုံးပင်ကို ပွတ် နေလေသည်။

စကားသံက တော်တော်နဲ့ မထွက်လာ။

ထွက်လာတော့လည်း တုံးတိတိ။

" လေယာဉ်နဲ့ ပြန်"

" လေယာဉ်နဲ့ပြန် ဟုတ်လား-ကောလင်းမှာ လေယာဉ်ကွင်း မရှိဘူးလေ ချယာကြီးရဲ့"

" နိုးနိုး နဲဗားမိုင်း"

ချယာကြီးတို့ထုံးစံ အတိုင်း မှားမှန်းသိသော်လည် တပြားမှ မလျှော့ လက်ကာပြလေသည်။

" မင်း မြန်မြန်ပြန်ချင်တယ် မဟုတ်လား"

" ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ "
ဟုတ်ကဲ့ပေါင်းများစွာနဲ့ အားရဝမ်းသာဖြေလိုက်မိသည်။

သို့သော်

ဆရာကြီး၏ နောက်ဆက်တွဲ ပြော စကားကြောင့် ကျွန်ုပ်တစ်ယောက် ဆရာကြီးပေးသည့်နည်းလမ်းအတိုင်းသွားရလျှင် ကောင်းလေမည်လား...

ခရီးစဉ်ဖျက်ရကောင်းလေမလား ဝေခွဲမရပါတော့ချေ။

" မြစ်ကြီးနားသွားမည့် လေယာဉ်ကိုစီး--

" ဟုတ်"

" လေယာဉ်ပေါ်ရောက်သည်နှင့် လေယာဉ်မှူးကို ကောလင်းမြို့ပေါ်ရောက်ရင် မီးအစိမ်းအချက်ပြပေးပါလို့ပြော --"

" ဟုတ်"

"အဲဒီ မီးစိမ်းအချက်ပြ မြင်လိုက်တာနဲ့ မင်းမြန်မြန် လေယာဉ်ပေါ်က ခုန်ချ နေလိုက်ရင် ကောလင်းရောက်ပြီပေါကွာ" တဲ့။

လေးစားရင်း လေးစားမိပါဘိ ချာယာကြီးရယ်။

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...