မမနှင့် လိုက်ကြမလား

မမနှင့် လိုက်ကြမလား
============    မောင်ဦး

ယနေ့ မမရဲ့ ကောင်းသတင်းလေး တပုဒ်ကြောင့် ကျုပ်အရမ်းပျော်နေတယ်ဗျာ။

ဒီသတင်းကြောင့် ကိုယ့်ရပ်ရွာကိုလည်း အခွင့်သာလျှင် အခေါက်ခေါက် အခါခါ ပြန်ခွင့်သာစေ တော့မယ်ပေါ့။

ဒါကြောင့်လည်း စိတ်ချမ်းသာတယ်။

တွေးမိတိုင်းကြည်နူးတယ်။

အဲဒီသတင်းက မန္တလေးမြို့မှ ကောလင်းမြို့ ကို ယနေ့ ဇူလိုင်လ ၁ ရက်နေ့မှစတင်ပြီး အထူးအမြန်ရထား RBE တိုက်ရိုက် စတင်ပြေးဆွဲတော့မည် တဲ့။

ဒီသတင်းကို ကြားသိရတာနဲ့ ကျုပ် အရမ်းဝမ်းသာ ကြည်နူးမိတယ်ဗျာ။

၀မ်းသာသည့် အကြောင်းကို ပြောမပြ တတ်အောင်ပါဘဲဗျာ။

ဘာဖြစ်လို့လည်း ဆိုတော့ ကျုပ်က ကောလင်းသား လေဗျာ။
 
မောင်ဦး ကောလင်း ဆိုတာ ကျုပ်ပေါ့။

ကျွန်ုပ်တို့ ကောလင်းမြို့ကို နာမည်ကျော်တဲ့မြို့အဖြစ် လူတိုင်း သိကြပါတယ်။

၂၀၁၅ မဲပေးချိန် -- ပါတီကိုယ်စလှယ် မဲ ဇီးရိုးဖြစ်စေတဲ့မြို့။

သူဌေး သူကြွယ်ပေါများပြီး ရေလျှံ မြို့အဖြစ် လူသိများတဲ့မြို့ ။

ရေလျှံတယ်ဆိုတာ သဘာဝ ရေဘေးဒါဏ် အခံရဆုံးမြို့ ဆိုလိုတာပါ။

တကယ့် တကယ်တော့ ကျုပ်တို့ ကောလင်းဟာ တန်ဘိုးရှိတဲ့ သဘာဝ

 တောတောင်တွေ သစ်တောတွေ ပတ်လည် ဝိုင်းပြီး ဆန်ရေစပါး

 ဟင်းသီး ဟင်းရွက် သားငါး ရွှေသတ္တူ သစ်တောထွက်ပစ္စည်းမျိုးစုံ 

များစွာ ထွက်ရှိရာ မြေပြန့်မြို့ လေးတစ်မြို့ဖြစ်ပါတယ်။

အသစ်ရောက်လာသော ၀န်ထမ်းတိုင်း မောင်ကြီး မပြန်နိုင်ဖြစ်ကြတယ်။

ရှမ်း ဗမာ ဓနု ကချင် လူမျိုးလည်းစုံပါတယ်။

ချစ်စရာ ဖြူဖြူ ဝဝ ကစ်ကစ်ပျိုပျို အိုအို စကားဝဲတဲ ဝဲတဲတွေလည်း ပေါမှပေါတဲ့မြို့ဗျ။

ဟိုး--ယခင့် ယခင်နှစ်ကြာမြင့်ချိန်က ကောလင်းရေကြီးမှုဟာ ငါးနှစ် တကြိမ် ဆယ်နှစ်တကြိမ်သာ ဖြစ်ခဲ့သည့် မြို့ပါ။

နောက်တော့ သိတဲ့ အတိုင်း ကောလင်းရေကြီး ရေလျှံမှုဟာ ခတ်စိတ်စိတ်ဖြစ်လာတယ်။

ဖြစ်မှာပေါ့ ။ မဲမဲမြင်ရာ ရောင်းစား သုတ်စားတဲ့ သူခိုးကြီး သူခိုးလေးများရဲ့စနစ်ဆိုးတွေ ကြောင့်ပေါ့။

ဘေးပတ်ဝန်းကျင်းမှာရှိ သစ်တောတွေ အပြောင်ရှင်း ။

ရွှေသတ္တူ တွေရှိတဲ့ ချောင်းမြောင်းတွေ ပရမ်းပတာကျင် ။

သဘာဝဆိုးကျိုးရဲ့  အတိမ်အနက်ကိုမသိ လုပ်ပိုင်ခွင့်တွေ

 ပရမ်းပတာချပေး။

နောက်ဆုံးချောင်းပိတ် မြောင်းပိတ်နဲ့ ရေစီး ရေလာ ပျက်ပြီး။

နောက်ဆုံး မိုးရွာလျှင် ကောလင်း ရေလျှံတော့တာပါဘဲ။

ကျုပ်တို့ကောလင်းဟာ လူဦးရေထူထပ်ပြီး စီးပွားရေးလုပ်ငန်းများ

 ကောင်းမွန်သောဒေသ ဖြစ်သည်နှင့် အညီ ခရီးသွားလာမှု များပြားပြီး 

ရထားလမ်းဖြင့်သာ အားပြု သွားလာနိုင် သောဒေသ ဖြစ်ပါတယ်။

ယခု နောက်ပိုင်းမှသာ ကားလမ်းက အနည်းအငယ် ကောင်းလာလို့ ကား

စီးတဲ့ သူများလာတာပါ။

မန္တလေးမြို့သို့ ရထားစီးပြီးသွားမည်ဆိုလျှင် မြစ်ကြီးနားမှလာသော ရထားကိုသာ တဆင့်ခံ စီးရပါတယ်။

တဆင့်ခံ စီးရသည်နှင့် အညီ ထိုင်ခုံနေရာ ရရှိဘို့က ရေရာ မသေချာပါဘူး။

ဟိုး အလောင်း လောင်းဂိုး ကဆိုလျှင် ရထားလက်မှတ်က ဘုရား

ချေး(ချီး )ထက် ရှားသလို ကြေးကြီးကြီးနဲ့ မှောင်ခိုဈေးကွက်ကပင် 

ဝယ်၍ စီးရသော အခက်အခဲများ ရှိခဲ့ပါတယ်။

အဲဒါကြောင့် ထိုင်ခုံရရန်သေချာတဲ့ ကားကို စီးကြတာ များပါတယ်။

ကားစီးပြန်တော့လည်း ကားခက မသက်သာ။

ရန်ကုန် မန္တလေး ရဲ့ခရီးမိုင် တဝက်ပင်မရှိသည့် မန္တလေး- ကောလင်း 

၁၅၀မိုင်ခရီးကို ကားခ ၈၀၀၀ိ/ မှ ၁၂၀၀၀ိ/ ပေးစီးရပါတယ်။

ရန်ကုန် မန္တလေး မိုင်၃၈၀ကျော် ခရီးကို ကားစီးသွားတဲ့ ခရီးသည်များ 

အနေဖြင့် ကားပိုင်ရှင်များကို လမ်းကြုံလျှင် ထမင်းခေါ်ကျွေးသင့်ပေသည်။

ကောလင်း- မန္တလေး ကားစီးချိန်က ၇ နာရီခွဲမှ ၈ နာရီ အထိကြာပါတယ်။

ကောလင်း-မန္တလေး ကားလမ်းက ရန်ကုန် မန္တလေးလမ်းလို အခြားမြို့ကြီးများသို့ သွားလာသည့် ကားလမ်းတို့လို ကျယ်ဝန်းပြီး ချောမွတ်သော လမ်းမျိုးတော့ မဟုတ်ဘူးခင်ဗျ။

ရွှေဘိုမရောက်ခင်အထိ ကားလမ်းက ကျဉ်းရသည့် အထဲ ကျင်းချိုင့်များကလည်း ထုနှင့်ဒယ်ဆိုပါတော့။

အဲဒီလိုလမ်းမျိုးမှာ ကားစီးရသည့် အရသာကို စဉ်းစားသာကြည့် ခံစားပေးပါတော့ ဗျာ။

ယခု ကောလင်း နှင့် မန္တလေးကို တိုက်ရိုက် ရထားဖြင့် အချိန်တိုတို ဈေးနှန်းသက်သာသာနှင့် ပြေးဆွဲမည် ဆိုတော့ ကျုပ်တို့လို နယ်သူ နယ်သားတွေ အတွက် အရမ်းဝမ်းသာရပြီပေါ့။

ယခု အထူးအမြန် RBE ရထားစီးမည်ဆိုပါက အချိန် ၇နာရီနှင့် ရောက်ရှိကာ ရထား လက်မှတ်ခက ၄၀၀၀ကျပ်ဘဲ ကုန်ကျမည် ဖြစ်ပါတယ်။

ရထားတွဲများက ယခုမှ စက်ရုံမှထွက်လာသည့် အသစ်စက်စက်တွဲများ ဖြစ်သည်ဟု ဆိုသည်။

အထက်တန်းတွဲ အထက်တန်းထိုင်ခုံ ဆိုတော့ ငြိမ့်ငြိမ့်ညောင်းညောင်း သက်တောင့် သက်သာနဲ့ စီးရမယ်။

လမ်းမှာ ကားစီးရသလို အပေါ့အလေးကိစ္စ ပူစရာမရှိတော့ဘူးပေါ့။

ရေ - မီး အိမ်သာ အပြည့်အစုံ။

ခရီးသည်များ တစ်ဦးနှင့်တစ်ဦး ပူးကပ်ပြီး ထိုင်စရာမလို။

ခရီးလမ်းတလျှောက်လုံးကားစီးရသလို မလှုပ် မယှက် 

ပုံစံထိုင် ထိုင်ပြီး လိုက်စရာ မလို။

ခြေလက် ထုံကျင် ညောင်းညာစရာ အကြောင်း မရှိ။

ဘေးအန္တရာယ် အတွက် ဘုရားဂုဏ်တော် တရားဂုဏ်တော် အထပ်ထပ် ရွတ်နေစရာ မလို။

စိတ်ချလုံခြုံမှု အပြည့် ရှိပြီးသား ဖြစ်တယ်။

ဒါပေမဲ့ မမကို တခုသတိပေးချင်ပါသည်။

ခရီးသည် အသွားအလာများလာလို့ လက်မှတ် မရောင်းရသေးဘူး ကုန်

ပြီဆိုတဲ့ စာတမ်းလေးတော့ မမြင်ချင်စေချင်ဘူးဗျာ။

ဝင်ချိန် ထွက်ချိန်လေးလည်း တန်ဘိုးထားပေးပါ။
 
ပြေးဆွဲချိန်ကို ယခုအချိန်ထက် ဖြစ်နိုင်လျှင် လျှော့ချပေးစေချင်တယ် ။

ဈေးသည်ယောင်ယောင် အလုပ်သစ်သမား(အလစ်သုတ်) များလည်း ဖယ်ရှားပေးပါ။

စည်းကမ်းများလည်း အစကကောင်းသလို နောင်လည်း ကောင်းစေချင်

ပါတယ်။တင်းကြပ်စေချင်ပါတယ်။

ဘာဘဲဖြစ်ဖြစ် ကျုပ် ကတော့ အားလျှင် အားသလို 

ကောလင်းကို RBE ရထားစီးပြီး အထပ်ထပ် အခါခါ

 လစ်ပြီးပြန်တော့မယ်ဗျို့။

ကဲ လိုက်ကြမလားဗျာ။ 


စားစရာ သောက်စရာ နေစရာ ထိုင်စရာ။

ဘာမှမပူနဲ့,,,,။       ပိုက်ပိုက်တော့ ယူခဲ့ပေါ့။

ကိုယ့်စားရိတ် ကိုယ်စား။ ကိုယ့်နွား ကိုယ်ကျောင်းပေါ့ဗျာ။

                                          (၁.၇.၂၀၁၆ နေ့ RBE ရထားဖွင့်ပွဲ အမှတ်တရ )

စမူဆာ- အီကြာကွေး



စမူဆာ- အီကြာကွေး
==============

( ၁ )

" ၄ အစုန် နှစ်ယောက် အိပ်စဉ်ခန်း ရသေးလား"

" နှစ်ယောက်အိပ်စဉ်ခန်း မရှိတော့ဘူး လေးယောက်ခန်းဘဲရပါမယ် ဒါတောင် အမျိုးသားတစ်ယောက်ကို တစ်စောင် ရောင်းထားပြီးပြီ"

လက်မှတ်အရောင်းစာရေး၏ ပြောစကားကြောင့် ခရီးသွားလင်မယားမှာ တစ်ယောက်မျက်နာ တစ်ယောက် ကြည့်မိကာ စကား မပြောနိုင်ဖြစ်သွားသည်။

လိုချင်သည့် နှစ်ယောက်အိပ်စဉ် ခန်းမရ သဖြင့် အလိုမကျဖြစ်ပုံရသည်။

"သူစိမ်း ယောကျ်ားတယောက်နဲ့ တညလုံးရထားစီးမှာဆိုတော့ ကျနော်တို့ လင်မယားနဲ့ ဖြစ်ပါမလားဗျာ "

ခရီးသွားအမျို းသားမှ လက်မှတ် အရောင်းစာရေး အား မေးလေသည်။

"ဘာမှ မပူပါနဲ့ဗျာ အသက်ကြီး အဖိုးကြီးပါ -- ရထားထွက်ချိန်နီးနေပြီ နော် ယူမှာလား"

လက်မှတ်အရောင်းစာရေး ၏ စကားအဆုံးတွင် ခရီးသည် လင်မယားမှာ ချေးများမနေနိုင်ဘဲ ရသည့် လက်မှတ်ဝယ်ပြီး အထုတ်အပိုးများ ကိုယ်စီဆွဲကာ ရထားတွဲဆီသို့ သုတ်ချေတင်ပြေးလေသည်။

သူတို့စီးနင်းလိုက်ပါရမည့် ရထားတွဲ အိပ်စဉ်ခန်းသို့ရောက်သည့် အခါ အတူစီးနင်းမည့် အဖိုးကြီးမှာ အခန့်သား ဂျာနယ်တစ်စောင် ဖတ်နေသည်ကို တွေ့ရလေသည်။

စုံတွဲ အမျိုးသားက အဖိုးကြီးအား တချက်ပြုံးပြပြီး အထုတ်အပိုးများနေရာ တကျ ချထားနေစဉ် အမျိုးသမီးက ပါလာသည့် စားစရာ သောက်စရာများကို ထုတ်ကာ စားသောက်ရန် ပြင်နေလေသည်။

"အဘက ဘယ်အထိ စီးမှာလဲ ? "

"ပဲခူး အထိပါ လူလေးတို့ကကော"

"သမီးတို့က ရန်ကုန်အထိပါ -အဘ မုန့်တွေ စားပါဦးရှင်"

လင် အမျို းသားက မေးပြီး နှတ်သွတ် အားသွတ်ရှိပုံရသည့် ဇနီးသည်က ကြားဖြတ် ဝင်ဖြေလေသည်။

ပြီး သူမ လက်ထဲမှ မုန့်များကို အဖိုးကြီးစားရန် လောကွတ်ပြုလေသည်။

နှုတ်သွတ် အာသွတ်ဖြင့် သွတ်လက် ချက်ချက်လှသော ထိုမိန်းကလေးအား အဖိုးကြီးက တော်တော် သဘောကျ သွားလေသည်လား မသိ။

အဖိုးကြီး တစ်ယောက် ငခူးပြုံး ပြုံးကာနေလေသည်။

"တော်ပါပြီကွယ် ကျေ းဇူးတင်ပါတယ်- အဘက ညစာ စာခဲ့ပြီကွဲ- လူလေးတို့သာ စားကြပါ သောက်ကြပါ လွှတ်လွှတ် လပ်လပ်နေကြ- အဘလည်း ရထား သာစည်ရောက်လို့ ထွက်တာနဲ့ အိပ်တော့မယ် အဘက အသက်ကြီးလို့ အောက်စဉ်မှာဘဲ အိပ်မယ်နော်"

"ဟုတ်ကဲ့ အဘ သားက အပေါ်တက်အိပ်ပါမယ်"

"အေး-အေး-ဒါနဲ့ ငါ့တူကြီးတို့မှာ လက်နှိပ်ဓါတ်မီးတို့ ဖယောင်းတိုင်တို့ ပါလား တွဲမီးက ပျက်နေတယ်"

"ဖယောင်းတိုင်က တစ်တိုင်ဘဲ ပါတယ် အဘ-
ရပါတယ် သားတို့က အမှောင်ထဲလည်း နေတတ်ပါတယ်"

" အေးအေး ကောင်းပါပြီဗျာ"

----------××--------

( ၂ )

တရိပ်ရိပ် ပြေးလွှားနေခဲ့သော ရထားသည် သာစည်ဘူတာသို့ ဝင်လာသည်။

"ထမင်းရမယ် --ရေသန့်ဘူးရယ်-- အကြော်စုံရမယ်--ဘီယာရမယ်"

ရထားရပ်သည်နှင့် ဈေးသည်များ၏ ခုနှစ်သံချီ သံစဉ်မျိုးစုံက ဝင်လာသည်။

"ချစ်ရေ မောင်ဘီယာသောက်ချင်သေးတယ်"

" မောင်သောက်ရင် မ-လည်းသောက်မှာပေါ့ ဈေးသည် ခေါ်လိုက်လေ"

အတိုင်အဖေါက်ညီလှသော ခရီးသွား ဇနီးမောင်နှံကို ကြည့်ပြီး အဖိုးကြီး တချက်မဲ့ပြုံး ပြုံးလိုက်မိသည်။

သူတို့ လင်မယားကြည့်ရသည်မှာ ကိုရီးယား ရောဂါ စွဲကပ်နေသည်လား မသိ။

သူတို့ ပြောဆိုနေသည့် စကားများက ညနေပိုင်းက ကြည့်ခဲ့ရသည် ကိုရီးယားကား ဇာတ်လမ်းနှင့် ကိုရီးယားနိုင်ငံ အကြောင်းများသာ ဖြစ်၏။

ဝတ်စားထားသည်က တိုတို နှံ့နှံ့ ။ ဒိုဒို ဒန့်ဒန့်။

မြင်ရသူ အပေါင်းကို ရင်ခုံလုပ်ရှားစေသော ဖက်ရှင် ဒီဇိုင်း။

အဖိုးကြီး မသိမသာ ခိုးကြည့်ရင်း တံတွေး မျိုချမိသည်က အကြိမ်ကြိမ်။

သူတို့သောက်နေသည့် အရက်က ဆွန်ဂျူး နှင့် ကိုရီးယား အစားစာ။

ယခုလည်း ဆွန်ဂျူး အရက်ပင် အားမရ ဘီယာပါ ထပ်မံ သောက်ပေဦးမည်။

နှစ်ဦးသား ဖန်ခွက် ကိုယ်စီ ကိုင်ပြီး ချီးယား လုပ်နေကြသေးသည်။

လောကကြီး သူတို့နှစ်ဦးတည်း တည်ရှိနေသလို တဦးကို တဦး ခွံ့ကျွေးကာ ပလူးပလဲဖြင့် ကြည်စယ် နေကြ သည်က တမျိုးချစ်စရာ။

ကာလသားသမီးများ နိုင်ငံတကာ စံနှန်းဖြင့် ခေတ်မှီနေကြပါလားလို့ အဖိုးကြီးက တချက်တွေးကာ တဘက်လှည့်ပြီး မှေးစက် အိပ်နေမိသည်။

မျက်စိက်က မိတ်ပြီး အိပ်နေသော်လည်း နားက မပိတ်။ စိတ်ကတောင်ရောက် မြောက်ရောက်။

ဇနီးမောင်နှံမှာ အရက်အရှိန် ရလာသည့်နှင့် အမျှ တခန်းတည်း အတူစီးလာသည့် အဖိုးကြီးအား ဖုတ်လေသည့် ငပိ ရှိလေသည်ဟု အောင်းမေ့ပါလေစ။

ကဲချင်တိုင်း ကဲနေသည်။

ခုန်ပေါက်ပြေးလွှားနေသည့် ရထားဘီး၏ စည်းချက်ညီစွာ ဆူညံသံနှင့်အတူ သူတို့ ရင်ခုန်လှုပ်ရှား နေသည်ကို အဖိုးကြီး သတိထားမိသည်။

တွဲမီးမရသဖြင့် ဖယောင်းတိုင်မီးရောင် မှုံ ပြပြ အလင်းရောင်အောက်တွင် ပြောချင်ရာပြော ဆိုချင်ရာဆိုဖြင့် ခေတ်ကာလ သားသမီးမို့ လွှတ်လပ်ပေါ့ပါး ပွင့်လင်းနေ သည်ဟု ပြောရပေမည်။

နောက်ဆုံး ခရီးသွား ဇနီးမောင်နှံမှာ စွန်ဂျူ း နှင့် ဘီယာ တန်ခိုးတော်ကြောင့် ဇရက်မင်း စည်းစိမ် သကြားမင်း စည်းစိမ်မျိုးစုံခံစားကာ မူးမူးနှင့် အိပ်ပျော်သွားကြ လေသည်ကိုတော့ အဖိုးကြီး သတိထား မိလိုက်သည်။

မနက် မိုးလင်းသည်နှင့် ရထားက ရန်ကုန်မဝင်သေး။

ပဲခူး ဘူတာဝင်ရန် နီးကပ်လာသည်။

လင်မယားနှစ်ယောက်လုံးနဲ့ အဖိုးကြီးပါ အိပ်ယာကနိုးလာတယ်။

ဇနီးသည်မှာ ညက အရက်ရှိန်ကြောင့် ခေါင်းထဲ မကြည်မလင်ဖြစ်နေတယ်။

တခုခု ဘဝင်မကျ သလို စိတ်ထဲ ဖြစ်နေ တယ်။

သူ့အမျိုးသားကို ပွင့်ပွင့်လင်းလင်း မေးရအောင်ကလည်း ဘေးက အဖိုးကြီးရှိနေတယ်။

သည်အချိန်မှာ

"စမူဆာ ရမယ် -- အီကြာကွေးရမယ်"

ရထားလိုက်ဈေးသည်တစ်ယောက်၏ အသံကဝင်လာသည်။

ဇနီးသည်က သူ့အမျိုးသားအား

" မောင် ညက စမူဆာ ဘယ်နှစ်ခု စားသလဲ ဟင်"

ဇနီးသည်၏ အထာကို သိသော အမျိုးသားက

" မောင် တစ်ခုစားတယ်လေ -"

လက်ညှိုးတစ်ချောင်းထောင်ပြကာ ဖြေလေသည်။

"မဟုတ်ပါဘူး မောင်နှစ်ခု စားတာပါ လိမ်မပြောနဲ့"

ဇနီးသည်က ပြောပြောဆိုဆို သူ့အမျိုးသား ကျောကို ရိုက်လိုက်သည်။

" မောင် မလိမ်ပါဘူး တစ်ခုထဲပါ"

"မ မူးနေတယ်ဆိုပြီးလာ ညာမပြောနဲ့ လိမ်တယ်-ညာတယ်ဆို မ-မကြိုက်ဘူးဆိုသိရဲ့သားနဲ့ "

ဇနီးသည်မှ ပြောပြောဆိုဆို သူ့အမျိုးသား ကျောကို ဆင့်ကာ ဆင့်ကာ ထုလေသည်နှင့် လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်နေလေတော့သည်။

ဤတွင် အဖိုးကြီးမှာ သူဆင်းမည့် ဘူတာရောက်သဖြင့် အထုပ်အပိုးများဆွဲကာ ဆင်းရင်းပြောသွားသော စကားကြောင့် ဇနီးမောင်နှံ လင်မယားမှာ ပါးစပ်အဟောင်းသား ငေးငိုင်ကျန်ရစ်နေပါတော့သည်။

" လူလေးတို့ရယ် စမူဆာကိစ္စကြောင့် ရန်ဖြစ်မနေပါနဲ့ ရှေ့ဆက်သွားရမည့် ခရီးက ရှိပါသေးတယ်--အဘ ညက ဗိုက်ဆာဆာနဲ့ စမူဆာ တစ်ခု စားလိုက်ပါတယ်ကွယ်"
 ဟာသ အနေဖြင့်သာ သဘောထား ဖတ်ရှုပါရန်


အရက်သမား လျှောက်လှဲချက်



လူတွေက အကျင့်သီလ ဘယ်လောက် ကောင်းကောင်း၊ စိတ်ထား ဘယ်လောက် ကောင်းကောင်း ရာထူးငယ်တယ်ဆို အထင်သေးချင်ကြတယ်။

ဆင်းရဲတယ်ဆိုရင် အထင်သေးချင်တယ်။

အကျင့်သီလ ဘယ်လောက်ညံ့ညံ့ ရာထူးကြီး တယ်ဆိုရင် အထင်ကြီးချင်တယ်။
ချမ်းသာတယ်ဆို အထင်ကြီးတယ်။

လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို ရာထူးရာခံနှင့် ငွေကြေးချမ်းသာခြင်းပေတံနှင့် တိုင်းတာချင်ကြတယ်။

အဲဒီလို အသိုင်းအဝိုင်းကြားမှာ ထိတွေ့ ဆက်ဆံနေရတဲ့ ကျုပ် တခါတလေ အရမ်းစိတ်ထိခိုက်တယ်ဗျာ။

ဟန်လုပ်ပြီး ဆက်ဆံနေရတဲ့ လူ့အသိုင်းအဝိုင်းမှာ ဟောဟောဒိုင်းဒိုင်း ပြောတတ်တဲ့ ကျုပ်နဲ့က ဘယ်တော့မှ သဟဇာတ မဖြစ်ဘူး။

အမှားများများကြားက အမှန်တရားကို ကိုးကွယ်နေမိရင် မိတ်ဆွေအဖေါ်ဆိုတာလည်းနည်းပါသွားတယ်။

အဲဒီတော့ မိတ်ဆွေစစ် မိတ်ဆွေမှန် ဘယ်မှာ ရှိနိုင်တော့မလဲ။

အဲဒီတော့ အထီးကျန်တာပေါ့ဗျာ။

တခါတလေကျုပ် အထီးကျန်နေရသည့် အချိန်မှာ ဖုန်းသံကြားလို့ ကိုင်လိုက်လျှင် အာဏာပါဝါ အထက်စီးလေသံနှင့်စကားပြောလာသူရှိသလို -

ဖုန်းအားအားယားယားဆက်ပြီး  ဟိုကိစ္စလေး ပြောပေးလို့ ရမလား စသည့် မေးခွန်းပေါင်းစုံက တလက်စပ် အရင်ဝင်လာတတ်တယ်။

နေကောင်းလား မင်းအဆင်ပြေသလား ဘာနဲ့စားသောက်နေလဲ မေးတဲ့သူမရှိဘူး။

ခင်ရာ မင်ရာ လာတဲ့ ဖုန်းထက် အာဏာပါဝါ အလုပ်ခိုင်းတဲ့သူနှင့် စပ်စပ်စုစု သတင်းလာနိုက်တဲ့ ဖုန်းကများနေတယ်။

အစားမတော် တစ်လုပ် အသွားမတော် တစ်လှမ်းဆိုသလို အပြောမတော် တခွန်းတည်းနဲ့ အဓိပ္ပါယ် အလွဲခံရပြီး ထီးလား ထောင်းလား ရန်တွေ့ခံရတာလည်း ကြုံဘူးပါပြီ။

တခါတလေ အကြောင်းအရာတစ်ခုကို ပြောလို့ မရသလို သူမေးသည်ကို မဖြေလို့ အမုန်းပွားခံရတာ ခဏခဏပါဘဲ။

အပေါ်ယံရွှေမှုံ ကြဲထားသော ဆက်ဆံမှုတွေနဲ့ နေ့ဓဒူဝ ထိတွေ့ ဆက်ဆံနေရတဲ့ ဘဝမှာ ကြာလာတော့ ငြီးငွေ့စရာ စိတ်ညစ်စရာတွေက ပိုများလာတယ်။

သိုဝှတ်ထားရတဲ့ စိတ်ညစ်စရာတွေ ဘေးဖယ်ပြီး ပျော်ရွှင်စဖွယ်ဟန်လုပ်ကြည့်ပြီး ဖြေခဲ့တာတွေလည်း ကိုယ့်ကို အသိဆုံးပါ။ ဒါပေမဲ့ အရသာမပါဘူး။

အပူရုပ်ပေမဲ့ ဟန်လုပ်ကာဖြေနေရတဲ့ ကျုပ်ကို သူတို့ သတိထားမိမယ်လို့လည်း မထင်ပါဘူး။

စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချင်ပါတယ်။

ဒါပေမဲ့ နားလည်းပေးနိုင်တဲ့ နှစ်သိမ့်ပေးနိုင်တဲ့ သူငယ်ချင်းက ကျုပ်အနားမှာ မရှိဘူး။

တခါတလေ တကယ်ကို အထီးကျန်ပါဘဲ။

ကလေးတစ်ယောက်လို ထောင့်တနေရာထိုင်ပြီး ငိုင်နေလို့လည်း မဖြစ်။

စောင်ခေါင်းမြီးခြုံ ငိုနေလို့လည်း မတင့်တယ်။

ဘယ်ပညာရှိ ပြောကြားခဲ့တဲ့ စကားလည်းတော့ မမှတ်မိတော့ဘူး။

သိုဝှက်မှုတွေကြားမှာနေလျှင်-

ဟန်ဆောင်မှုတွေကြားမှာနေလျှင်-

မုသားတွေကြားနေလျှင်

စိတ်ထိခိုက်စရာတွေများနေလျှင် -

သောကတွေများနေလျှင် -

ကိုယ့်ကို ပိုမိုထိခိုက်စေသလို စိတ်ကိုလည်း ရူးသွတ်သွားစေနိုင်တယ်တဲ့။

ကိုယ့်ကို ရူးသွက်သွားလို့ မဖြစ်ဘူး။

ကျုပ်ငယ်သေးတယ်။

ကျုပ်ကို မှီခို အားထားနေတဲ့ မိခင်ကြီးရှိသေးတယ်။

အဝေးပို့ထားတဲ့ ကလေးတွေ ရှိသေးတယ်။

ကျုပ် ဒီဘဝ ဒီအတိုင်းအဝိုင်းကြားက လွှတ်မြောက်ဘို့ ဘာလုပ်ရမလဲ?

စိတ်ဒါဏ်ရာတွေ ကုစားဘို့ ဘာဆေးစားရမလဲ?

ဟန်ဆောင်မှု ကြားကလွှတ်မြောက်ဘို့
ရူးသွက်မှု ဘဝက လွှတ်မြောက်စေဘို့ အကောင်းဆုံး အဖေါ်အမွန် ဘာလဲ?

ကျုပ်အပြန်အလှန် စဉ်းစားတယ်။ တွေးတယ်။

မျက်မှောက်ကုတ်ကာ အဖြေထုတ်တယ် ။

ရှားပါးလှတဲ့ အဖြေများကြားက အကောင်းဆုံး အဖြေတခု နောက်ဆုံး တွေ့လိုက်ပါပြီ။

ဒီတသက်ပြတ်ဆဲပါပြီလို့ အမှတ်တရ သော့ခတ်သိမ်းဆည်းထားတဲ့ ပုလင်းတစ်လုံး။
သစ္စာရှိသော ပွင့်လင်းသော ယမကာ ပုလင်းလေး ဖွင့်လိုက်ခြင်းသည်သာ
 ကျုပ်ဘဝရဲ့အကောင်းဆုံး အဖြေပါဘဲ။
ဟူး ,,,,အရက်သောက်ဖို့အရေး လျှောက်လှဲချက်ပေးလိုက်ရတာ....မောပါဘိ,,,။

                                              ( မောင်ဦး-တိုဟူး)

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...