ေလာကဓံ ရှစ်ပါး

 
လောကထဲမှာ နေထိုင်ကြသော လူတို့တွင်  လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ နေ့စဉ်ကြုံတွေ့မှာဘဲ

၁။ “လာဘော” ကိုယ်လိုချင်တာ ရတယ် ...

၂။ “အလာဘော” ကိုယ်လိုချင်တာ မရဘူးးး

၃။ “ယသော” အခြံအရံရှိတယ် (သို့) ကျော်စောထင်ရှားတယ်...

၄။ “အယသော” အခြံအရံကင်းမဲ့တယ်၊ မကျော်စောဘူးးး

၅။ “နိန္ဒာ” ကဲ့ရဲ့မှုကိုခံရတယ် ...

၆။ “ပသံသာ” ချီးမွမ်းခံရတယ် ...

၇။ “သုခ” ကိုယ်စိတ်နှစ်ပါး ချမ်းသာတယ် ... အဆင်ပြေတယ် ...

၈။ “ဒုက္ခ” ကိုယ်စိတ်နှစ်ပါး မချမ်းသာဘူး ... ဆင်းရဲတယ် အဆင်မပြေဘူးးး

ဟော အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ လောကဓံရှစ်မျိုး တဲ့ ...

လောကမှာ သတ္တဝါ တွေကြုံ တွေ့နေ ရတဲ့ လူသားတွေ ကြုံတွေ့နေရတဲ့ သဘာဝရှစ်မျိုးရှိတယ်လို့ ဒီလိုပြောတာနော်။

အဲဒီ သဘာဝရှစ်မျိုးသည် သတ္တလောကနဲ့ အမြဲတမ်း ဆက်သွယ်နေတယ်၊ သတ္တလောက, ကလည်း အဲဒီရှစ်မျိုးနဲ့ အမြဲတမ်း ဆက်သွယ်မှု ရှိနေတယ်တဲ့ ...

အဲဒီလို အမြဲတမ်း ဆက်သွယ်မှုရှိနေတဲ့၊မတည်ငြိမ် တဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ စိတ်ဓာတ် တည်ငြိမ်မှုရှိအောင် ကြိုးစားဖို့က အလုပ်ပဲနော် ...

လောကထဲမှာ နေထိုင်တာဖြစ်တော့ လောကဓံရှစ်မျိုးက တစ်မျိုးမျိုးနဲ့ လူတွေကြုံတွေ့မှာပဲ ...

မကြုံ တွေ့တဲ့လူ မရှိဘူးးး

မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးလည်း လောကဓံနဲ့ ကြုံရတာပဲ ...
အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလန် စတဲ့ ရဟန္တာတွေလည်း လောကဓံနဲ့ ကြုံတွေ့ရတာပဲ ...
မည်သည့်ပုဂ္ဂိုလ်၊မည်သည့်သတ္တဝါဖြစ်စေ၊ လောကထဲမှာနေရင် လောကရဲ့သဘာဝနဲ့ဆက်စပ်နေမှာပဲလို့ ပြောတာနော် ...

အဲဒီလို ဆက်စပ်နေတဲ့အခါမှာ မဆက်စပ်ရအောင် လုပ်လို့မရဘူးးး
ရပါ့မလား ???
အေး .... လောကရဲ့ သဘာဝတွေကို ဖျောက်ဖျက်ပစ်လို့ မရဘူးးး
ကိုယ်လုပ်နိုင်တာ ဘာတုန်းဆိုရင် ကြံ့ခိုင်တဲ့ စိတ်ထားရှိအောင် လုပ်ဖို့ပဲ ...
ဒါ ကိုယ်လုပ်လို့ ရတာပဲ ... အဲဒီတော့ ကိုယ်လုပ်လို့ ရတာကို လုပ်ရမယ်လို့ဆိုလိုတယ် ...။

(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ)

ကျုပ်တို့ရဲ့ သံစုံတီးဝိုင်း


ကျုပ်တို့ရဲ့ သံစုံတီးဝိုင်း
=============

ဟိုတခါက ဘုန်းကြီး စာချမယ် ဆိုပြီး ကျုပ်ကိုကျုပ် လောင်ပြုံး ပြုံးပြီးမိတဲ့ စာလေးအဆက်ပါ။

ဒီနေ့ ကျု ပ် လေကြီး ဖင်ကျယ်စကား ပြောရဦးမယ်။

စကား အသုံးအနှန်းကြမ်းသွားရင် ခွင့်လွှတ်ပါ။

လေကြီး မိုးကြီးလို့ သုံးစွဲရင်လည်း ရပါတယ်။

ဒါပေမဲ့ ကျုပ် စိတ်အချဉ်ပေါက်တာနဲ့  စကားလုံးကို မပြင်ချင်တော့ဘူး။ ဆက်ရေးတော့မယ်-

ကျုပ် အကြောင်းကဘဲ စတင်ရေး ပါရစေနော်။

ကျုပ်အကြောင်းရေးလို့ မဖတ်ချင်လည်း ကျော်သွားပါဗျာ။

ဒါပေမဲ့  Like တချက် တို့ ခဲ့ဦးနော။

ကျုပ်က ဘာ အကောင်မှ  မဟုတ်ပါဘူး။

အာပလာ အာဖျံကွီး မောင်ဦး ဆိုတာဘဲ သိထားပါ။

အဲဒီ အာပလာ အာဖျံကွီး  ကျုပ်က လူကသာ ဘာမှ မဟုတ်တယ်။ ဆရာကြီးလုပ်ချင်တဲ့ အမျိုးဗျ။

မနက် မိုးလင်းရင် နှစ်ပြားတန် ချို ပေါ့ကျ လက်ဖက်ရည်တခွက်ကို တနာရီလောက်သောက်ပြီး စာစောင်တခုခုနဲ့ ဇိမ်ယူ တတ်တဲ့ အလေ့အကျင့်က ရှိတယ်ဗျ။

ဖတ်စရာ ကုန်သွားရင်တော့ အသင့်ပါလာတဲ့ ဖုန်းလေးထုတ်ပြီး ဟိုဝင် ဒီထွက်နဲ့ ပွတ်ပြီး ကမ္ဘာ ပတ်တော့ တာပေါ့ဗျာ။

နောက်ဆုံးတော့ ဒေါက်တာ--- ဆိုတဲ့ ဟို ဆိုဒ်ဘဲ အချိန်ကုန်သွားတယ် ဆိုပါတော့။

ဒီလိုပြောတော့ ခင်ဗျားကြီး မျက်နာက စပ်ဖြဲဖြဲ ဆိုတာ ကျုပ်သိပါတယ်။

ဒေါက်တာ---ဆိုဒ် ဆိုလို့ တမျိုး မထင်နဲ့နော်။

ကျန်းမာရေးအကြောင်း တင်ထားတဲ့ ဝက်ဆိုဒ်တွေကို ပြောတာဗျ။

ခင်ဗျားမျက်နာကြီးက  ဖြစ်နေလိုက်တာ တကယ်ထဲ။  အိုးမလုံ အုံပွင့်နေပြန်ပြီ။

ခင်ဗျားကို စောင်း မပြောပါဘူး။ တည့်ပြောနေတာ အဲ မဟုတ်ပါဘူး။   ထားပါဗျာ။

အဲဒီလို ပွတ်နေရင်းနဲ့ ဖုန်းပါ၀ါ အားကုန်လို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် မရိုသေ စကားဗျာ- ရှုရှု ပေါက်ချင်စိတ်ရှိလို့ အိမ်သာသွားမှဘဲ ကျုပ်ရဲ့ အလုပ်ကြီး အကိုင်ကြီးကို ရပ်နားပါတော့တယ်။

အဲဒါက ကျုပ်ဘဝရဲ့ နေ့ တဓူဝ အလုပ် အစဘဲဆိုပါတော့။

အဲဒီလို နှစ်ပြားတန် တီးတခွက်ကိုင်ပြီး ဖတ်စရာ ရှိတာဖတ်။ ပြီး ပွတ်စရာရှိတာ ပွတ်။

ပြီး မိတ်ဆွေ အပေါင်း အသင်းတွေ စုဖွဲ့ပြီး အာပေါင် အာရင်း သန်သန်နဲ့ ယနေ့မျက်မှောက်ရေးရာ တီးဝိုင်း ကဏ္ဍပေါ့ဗျာ။

အဲ ကျုပ်တို့ တီးဝိုင်းအဖွဲ့ ကြောင်းလည်း ကြုံတုန်း ဖေါက်သယ် ချရဦးမယ်။

တီးဝိုင်းအဖွဲ့ ဆိုလို့ တေးဂီတ တီးဝိုင်း မထင်ပါနဲ့။

လေတောင် မချွန်တတ်ပါဘူး။

လက်ဖက်ရည်ဆိုင်တို့ ဘီယာဆိုင်တို့မှာ ကျွေးမွေးမဲ့ ကျေးဇူးရှင် ဒကာရှိရင် အားမနာတမ်း စားသောက်ပြီးဝေဖန် လေကန်တဲ့ တီးဝိုင်း လေဝိုင်း ကိုပြောတာပါ။

-ကျုပ်တို့ တီးဝိုင်းအဖွဲ့က ကိုယ့် ပြည်းတွင်းမှာပင် နှံ့စပ်အောင် မရောက်ဘူးပေမဲ့

-အာရှမှသည် အာဖရိကသို့လည်းကောင်း

- ဥရောပ အမေရိက မှသည် အင်္ဂါ ဂြိုလ်သို့ လည်းကောင်း ရောက်လိုရောက် ပေါ့။

ဒါပေမဲ့ ကျုပ်တို့ ကမ္ဘာနဲ့ အင်္ဂါဂြိုလ် ဘယ်လောက်ဝေးသလဲ ဆိုတဲ့ မေးခွန်းကို ကြားဖြတ်မေးလာရင်တော့ ခွေးအ ကြီး လှည်းနင်းခံရသလို ဂိန်ဂိန်ပေါ့ ဗျာ။

-တောင်ဝန်ရိုးစွန်းက သုတေသန အကြောင်းမှသည် မြှောက်ဝန်ရိုးစွန်းနားသို့ ရောက်ပြီး အိုဇုန်းလွှာ အကြောင်း ဖေါက်သည်  ချနေချိန်မှာ

"အိုဇုန်းလွှာ ဆိုတာ အပြားလား အဝိုင်းလား ထပ်တရာလို အလွှာလိုက်လား " ဆိုပြီး စကားဝိုင်းကို ဝင်နားထောင်ရင် မေးလာသည့်  စာပွဲထိုးလေးရဲ့  မေးခွန်းကို မဖြေနိုင်တော့ မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်ပြီး မောင်းထုတ်ရတဲ့ အလုပ်ကို လုပ်ရတာလည်း ကျုပ်တို့ တီးဝိုင်းပေါ့။

- ဒါ့ အပြင် ကျုပ်တို့ သုံးယောက်ပေါင်းလို့ မှ အိပ်ကပ်ထဲ ဗမာငွေ သုံးထောင်မပြည့် ပေမဲ့  - ဘောလုံးသမား ဒိုလေးနဲ့ မက်ဆီတို့ တနှစ်ဝင်ငွေ တလဝင်ငွေ တရက် တနာရီ တမီနစ် ဝင်ငွေကို ဂဏန်းပေါင်းစက် အကူအညီနဲ့ ကိုယ့်မယားကို မုဒိမ်းကျင့်ခံရလို့ လျှော်ကြေးရမဲ့ ပုံစံ တွက်ချက်နေတာလည်း ကျုပ်တို့ တီးဝိုင်းပဲဗျ။

-IS  မှတီယင်ကျင်းဓါတ်ငွေ့ပေါက်ကွဲမှု ။ ထိုမှတဖန် ဒက္ခိဏ ပါတီတွင်းပေါက်ကွဲမှု  ထိုင်းပေါက်ကွဲမှု- ၂၀၁၅အလွန် မြန်မာ့ရှေ့ရေး အလားအလာ ဆိုပြီး မတောက် တခေါက်အသိလေးနဲ့ လေကန်လို့ ဝေဖန်ရတာကလည်း ကျုပ်တို့တီးဝိုင်းရဲ့ ဆယ်နှစ်မျိုး ချင်းသုတ်ပါဘဲဗျာ။

 လေအိုး မီးအိုးရွာတတ်တဲ့ ပညာကို ပြောပါတယ်။

အဲဒါ ကိုယ့်အိမ်ထဲတင် လားလို့ မထင်နဲ့။

လုပ်ငန်း သဘော သဘာဝ အရ ရောက်သည့် ဒေသ ရောက်တဲ့ နေရာ အနီးအနားက လက်ဖက်ရည်ဆိုင်တို့- ဘီယာဆိုင်တို့မှာ-ကျုပ်တို့ တီးဝိုင်းရဲ့ တီးမှုတ်နေကြ  ပုံစံ ဘဲဗျ။

ထမင်းကြမ်း နဲ့ ပဲပြုတ်စားပြီး အပြင်ဆိုင်မှာအချိန်ကုန်အောင်ထိုင် ဝေဖန် လေကန် ဇိမ်ခံရတာကိုက ကျုပ်တို့ အလုပ်ပဲ ဆိုပါတော့ဗျာ။

အဲဒီလို ဆိုင်ထိုင်သည့်အခါ ကျုပ်ပိုက်ဆံကုန်တာနည်းနည်း အများအားဖြင့် စပွန်ဆာက များပါတယ်။

စပွန်ဆာလုပ်တဲ့သူကလည်း စေတနာ ရှိလွန်းလို့ တော့ မဟုတ်ဘူး။

 သိတယ်မဟုတ်လား ဆင်ဖြူတော် မျက်နာလေ။
ဆင်ဖြူ မှီ ကြံစုပ်တဲ့ ကျုပ်တို့ဘဝကလည်း စပွန်ဆာမှ မကယ်ရင် ဘယ်တီးဝိုင်းဖွဲ့နိုင် မလဲဗျာ။

စပွန်ဆာ မရှိရင်းလည်း မျက်နာ မနာရမဲ့ သူကို ဖုန်းဆက် ခေါ်ပြီး ဒကာလုပ်ခိုင်းရတာပေါ့ဗျာ။

ဒါကလည်း ကျုပ် လုပ်ငန်း သဘော သဘာဝကိုဗျ။

ဒီနေ့လည်း အဲဒီလို ကျုပ်ရဲ့ လုပ်ငန်းသဘော သဘာဝ အရ မန္တလေးမြို့ ရောက်တာနဲ့စတယ် ဆိုပါတော့။

ပထမ ဒီနေ့ထုတ် သတင်းစာ ဂျာနယ်တစောင် ဝယ်ပြီး လမ်းဘေးတီးဆိုင် တဆိုင်မှာ အားမနာတန်း ထိုင်ကာ နှပ်မယ်လို့စီစဉ်လိုက်တယ်။ ပြီးလျှင် မိတ်ဆွေတယောက်ကို ဖုန်းဆက်ခေါ် ဒကာခံခိုင်းပြီး အာလူးပေးမည်ပေါ့။

ဖြစ်ချင်တော့ ကျုပ်အစဉ် အလာကို မန္တလေးရောက်မှ ပျက်ရတော့တယ်။

ဖြစ်စဉ်က ဒီလိုဗျ။

မန္တလေး ကျုံးတောင်ဘက် တရုတ်တန်းလမ်းအတိုင်း လမ်းလျှောက်ထွက်ခဲ့တယ်။

လမ်းမှာ သွားရင်းဟန်လွှဲ သတင်းစာ ဂျာနယ်ရောင်းမည့် ဆိုင်ကိုရှာကြည့်မိတယ်။မတွေ့ဘူး။

နာမည်ကြီး လက်ဖက်ရည်ဆိုင်ကြီးကြီး မားမား အနီးမှာ စာအုပ်ဂျာနယ်များရှိသည်ကို ကျုပ်သိပေမဲ့ ကျုပ်လမ်းလျှောက်တဲ့ နေရာနဲ့ အဲဒီဆိုင် အလှမ်းကွာနေပါတယ်။

ဘူတာကြီးပေါ်မှာ ရှိကောင်းရဲ့ဆိုပြီး တက်ကြည့်တယ် ။
 မတွေ့။
ရထားအဝင်အထွက် နည်းပါးလို့လား မသိဘူး လက်ပွေ့သမားလည်း မရှိ။

ဒါနဲ့ ဘူတာကြီး အရှေ့ မန်းမြို့တော် လက်ဖက်ရည်ဆိုင်နဲ့ မျက်နာချင်းဆိုင် ပလက်ဖေါင်းပေါ်မှာ ခါတိုင်း ရောင်းနေကြ ရှိတယ် ဆိုပြီး လမ်းလျှောက် လာလိုက်တာ ရှင်းနေတယ်ဗျို့။လူတွေ စာမဖတ်ကြတော့ ဘူးလား မသိ။

 ဒါနဲ့ ဂျာနယ်ဆိုင်တွေ့နိုး တွေ့နိုး လမ်းလျှောက်နေရင်းနဲ့  မိုးက မပြောမဆို ရွာချပါလေရောလားဗျာ။

ထီးမပါလာသည့် အတွက် ကိုယ့်ကိုဘဲ အပြစ်တင်မိတယ်။ ကိုယ့်ကို ဆဲမိရင်လည်း  မွေးတဲ့ အမေကို ထိခိုက်သွားမှာ စိုးလို့ မိုးနတ်မင်းဘဲ ကြိမ်ဆဲမိတယ်။

ဒါနဲ့ ရှေ့ဆက် မလျှောက်ဘဲ ဆိုင်ကယ် ကယ်ရီ ငှားပြီး ကျုပ်တည်းခိုတဲ့ နေရာကို သုတ်ခြေတင်ခဲ့ရတာပေါ့။

အဲဒီမှာ ဆိုင်ကယ်စီးရင်း ဂျာနယ ်စာအုပ်ဆိုင် ဘယ်နားမလဲလို့ ကယ်ရီသမားကို ကျုပ်မေးမိတယ်။

  "မသိဘူး " တဲ့။

လက်ဘက်ရည်ဆိုင်ကြီးတွေ အနားမှာ မရှိဘူးလားလို့ မသိချင်ယောင် ဆောင်ပြီး ထပ်မေးမိတယ်။

သူဇဝေ ဇဝါဖြစ်နေတယ်။ အတန်ငယ် စဉ်းစားပြီးမှ စာအုပ်ရှိတဲ့ နေရာတွေ သူပြောပြပါတယ်။

"မင်းစာဖတ်ဝါသနာမပါဘူးလား ကျောင်းပြီးပြီလား " လို့ ကျုပ်ကမေးတော့ ဆယ်တန်းနှစ်ခါကျထွက်ပြီး ကယ်ရီဆွဲနေတာတဲ့။

"စာဖတ်ချင်ပေမဲ့ စားဘို့ တောင်အနိုင်နိုင်ဖြစ်နေတာ စာဘက် လှည့်မကြည့်နိုင်ဘူး" တဲ့။

 "ဒါနဲ့ ငါ့ညီဆိုင်ကယ်ကို ခေါ်ချိန်မှာ ငါ့ညီ ဖုန်းပွတ်နေတာက အင်တာနက်ဝင်ကြည့်နေသလား" လို့ ကျုပ်မေးတော့

"ဟုတ်တယ် "တဲ့။

"ငါ့ညီက မဆိုးပါဘူး စာမဖတ်နိုင်ရင် အင်တာနက်သုံးစွဲ တာ ကောင်းပါတယ်ကွာ -ဒီနေ့ ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်တာပေါ့"  လို့ ဆရာကြီးလေသံနဲ့ ချီးကြူးး စကားပြောလိုက်တာပေါ့။  ဘာတွေများ ဝင်ကြည့်သလဲလို့ ဆက်မေးတော့  "ဂိမ်း"တဲ့။
လေးစားလောက်ပါရဲ့ဗျာ။

TVကောကြည့်သလား -ဘာတွေကြည့်လည်ဆိုတော့

"နေ့စဉ်  ကြည့်ပါတယ် -ကိုးရီးယားကားနဲ့ ဘော်လုံးပွဲ"တဲ့။ သူရဲ့အဖြေကြောင့် ကျုပ်လေးစားရင် လေးစားမိပြန်တယ်။

လေဒီယိုကော နားထောင်သလား ဘာတွေနားထောင် သလဲဆက်မေးတော့

" အားရင် နားထောင်ဖြစ်ပါတယ် ဟစ်ပေါ့ သီချင်းဆို အကြိုက်ဆုံးဘဲ " တဲ့။

အရေးထဲ ကွမ်းယာကို ပလုပ် ပလောင်း ဝါးစားရင်း ထွေးလိုက်သည့် တံသွေးအမှုံအမွား က ကျုပ်ထံ လွှင့်စင်လာလို့ ရှောင်လင် သိုင်းကွက် တကွက်ကို ထုတ်သုံး လိုက်ရသေးတယ်ဗျ။

အင်း -- ကျုပ် အရပ်တကာ လှည့်သွားလာနေခဲ့ပါတယ်။

 အဲဒီလို သွားလာနေချိန်မှာ သူ့လိုလူတွေ မကြာခဏ တွေ့နေရလေတော့ ကျုပ် ဘာပြန်ပြောရမှန်း ကို မသိတော့ပါ ဘူးဗျာ။

 ခင်ဗျားတို့ ကျနော်တို့ ပတ်ဝန်းကျင်းမှာ အဲဒီလိုလူတွေ ရှိနေသလို ကျုပ်တို့လို အချိန်ကုန် လေကုန် ဝေဖန် လေကန်လေ့ရှိတဲ့ တီးဝိုင်းလူတန်းစားတွေ ဘယ်လောက် အရေအတွက် ရှိမယ်ဆိုတာ ခင်ဗျားတို့ ခန့်မှန်း မိမယ်ထင်ပါတယ်။

ဒီမယ် ကိုအဝှာတို့
ခင်ဗျာတို့ ကျနော်တို့ တနေ့ တနေ့ စားဖို့ သောက်ဖို့ပင်  အနိုင်နိုင် ဖြစ်နေတယ် ဟုတ်လား။

တခြားတိုးတက်ရာ တိုးကြောင်းလုပ်နိုင်ဘို့ အချိန်မပေးနိုင်ဘူး ဟုတ်လား။

နိုင်ငံ အရေးဘက်လှည့် မကြည့်နိုင်ပါဘူး ဟုတ်လား။

အဲဒီလို လှည့်မကြည့်ခဲ့သူတွေ-များလို့လည်း ခင်ဗျားတို့ ကျနော်တို့ ကမ္ဘာ့ အလယ်မှာ မျက်နာငယ်နေရတာပေါ့ဗျ။

ဘာလို့ မျက်နာငယ်နေရတာလည်း ဟုတ်လား။

ဆင်းရဲလို့ပေါ့ဗျ ။

ဘာလို့ဆင်းရဲတာလဲ ဟုတ်လား။

စာ မတတ်လို့ပေါ့ဗျာ။

ဘာလို့ စာမတတ်သလဲ ဟုတ်လား။

မေးပြန်ပြီ စာမဖတ်လို့ပေါ့ဗျ ။

စာဖတ်ရင်ဘာဖြစ်မလဲ ဟုတ်လား?

စာများများဖတ်လာရင် ခင်ဗျား မသိသေးတဲ့ အကြောင်းအရာတွေ သိလာမယ်။

ခင်ဗျား မလုပ်တတ်သေးတဲ့ အလုပ်ကို လုပ်တတ်လာမယ်။

ခင်ဗျား မတွေးဘူးသေးတဲ့ အတွေးကို တွေးတတ်လာမယ်။

 ခင်ဗျားဘဝရဲ့ အမှား အမှန်ကို ဝေဖန် ပိုင်းခြား ခွဲခြားတတ်လာမယ်။

လောကရဲ့ အကြောင်းအကျိုး အကောင်းအဆိုးကို ခင်ဗျားသိလာမယ်။

လူလိမ် လူညစ် ကောက်ကျစ် မှု တွေကိုလည်း ခင်ဗျားသိလာမယ်။

ခင်ဗျားတို့အပေါ် ကျရောက်နေတဲ့ မတရားမှု တရားမှု တွေကိုလည်း နားလည်လာမယ်။

ခင်ဗျားတို့ ဆင်းရဲတွင်းနက်စေတဲ့ စနစ်ဆိုးကိုလည်း မြင်လာမယ်။

အဲဒီ စနစ်ဆိုးကို ဘယ်လိုဖေါက်ထွက်ရမလဲဆိုတာ သဘောပေါက်လာမယ်။

 ဒါကြောင့် ကျုပ်ပြောချင်တာက

-ကျုပ်လို လက်ဖက်ရည်ဆိုင်ထိုင် ဘီယာဆိုင်ထိုင်  တီးဝိုင်းဖွဲ့ပြီး လေကန်နေမဲ့ အစား

-ဂိမ်းဆော့ပြီး ပွတ်နေမဲ့ အစား

-ကိုးရီးယားကားကြည့်ပြီး အရူးထနေမည့် အစား

ရတဲ့ အချိန်လေးကို အကျိုးရှိအောင် သုံးလိုက်ကြပါ။
စာဖတ်ကြပါ။မှတ်လိုက်ကြပါ။

သိလိုတဲ့ ပညာရပ်ကို ထဲထဲဝင်ဝင် ရူးသွပ်လိုက်စမ်းပါ ဗျာ။

ရူးသွပ်တယ်ဆိုတာ တဒင်္ဂ မဟုတ်ဘူးနော်။

ထာဝရ--ထာဝရ---အဲဒီလိုဆိုရင် ခင်ဗျားဟာ သူများထက် ခေါင်းတလုံး သာမယ် ဆိုတာ သဘောပေါက်  ။

                                အာဖျံကွီး မောင်ဦး


" မမ" မိသားစုရဲ့ တကယ့်အဖြစ် အပျက် လေးပါ။

မဖတ်ရသေးသူအတွက် ပြန်တင်လိုက်ပါတယ်

မျက်လုံးပြူးသွားသောဇနီးမောင်နှံ
=====================

မမ တာဝန်ဖြင့် ရက်ရှည်လများခရီးထွက်ရာမှ ပြန်လာသော ကိုပြာလောင်မှာ သားနှစ်ဦးဖြင့် အိပ်ယာထဲတွင် စခြင်း နောက်ခြင်းဖြင့်  စကားပြောနေလေသည်။

"ဟဲ့ သားတို့ အိပ်တော့လေ နင့်တို့ အဖေ တနေကုန် ရထားစီးပြီး ပြန်လာလို့ ခရီးပမ်း နေတယ်ဆိုတာ နားမလည်ဘူးလား"

မဟေသီ၏ ဟောက်သီးကျွေးသံကြောင့် စကားတွတ်ထိုးနေသော ကိုပြာလောင်တို့ သားအဖမှာ စကားပြောခြင်းများ ရပ်ကာ အိပ်လိုက်ကြသည်။

သားငယ်နှစ်ယောက်မှာ ကလေးများ၏ သဘာဝအတိုင်း အပူအပင် အကြောင်းအကျ ကင်းသဖြင့် တခဏခြင်း အိပ်ပျော်သွား သော်လည်း ကိုပြာလောင် မှာ အိပ်မပျော်သေးချေ။

တခုခု လိုနေသလိုလို ဖြစ်နေသည်။

ချစ်ဇနီးသည် အိပ်ယာအဝင်ကို စောင့်ရင်း စာဖတ်နေလိုက်တယ်။

ခဏကြာတော့ အိပ်ချင်သလိုလိုဖြစ်လာတယ်။

အလိုက်မသိသော မဟေသီက အရေးထဲ ပုတီးစိတ်နေသည်လား သုံးလုံးဂဏန်း အာရုံခံနေသလားမသိ။

ဘုရားခန်းမှ တော်တော်နဲ့ ထွက်မလာသေးချေ ။

ကိုပြာလောင် စိတ်မရှည်ချင်သလို ဖြစ်လာသည်။

ဘာရမလဲ -- ကိုပြာလောင် တလောင် ဘဲရှိတယ်။

ဖတ်နေတဲ့ စာအုပ်ကို ကြမ်းပြင်ပေါ် ဘုတ်ကနဲ အသံမြည်အောင် ပြစ်ချလိုက်ပြီး  ပါးစပ်ကလည်း     "အား " လို့ မတိုးမကျယ် အော်ချ လိုက်တယ်။

ပုတီးစိတ်လို့ သမာဓိ အားကောင်းနေပါတယ် ဆိုတဲ့ မဟေသီက စိုးရိမ်တကြီး အခန်းထဲ အပြေးဝင်လာခဲ့ တယ်ပေါ့။

ကိုပြာလောင်ရဲ့ လုပ်ဆောင်ချက်ကို ရိပ်မိသွားတဲ့ မဟေသီက စပ်ဖြဲဖြဲနဲ့။

" ဟွန်း--ဘာဖြစ်တာလဲလို့ သူတော်တော် ဥာဏ်များ" တဲ့ ။

မဟေသီရဲ့ နှုးညံ့တဲ့ လက်သီးထုချက်နှင့်အတူ နဂါး မျက်စောင်း တချက်ကလည်း ကိုပြာလောင် အပေါ်ကျလာတယ်။

 အရေးထဲ သားအငယ်ကောင်က အိပ်ယာထဲက ကုန်းထ ထိုင်နေတယ်။

" သား မအိပ်သေးဘူးလား အိပ်--အိပ်"

ကိုပြာလောင်က သားအငယ်ကောင်ကို ကျောသတ်ကာ ချော့သိပ်လိုက်သည်နဲ့ အိပ်ပျော်သွားတယ်။

 မဟေသီက ပြုံးစိစိ နဲ့ ဘာ သဘောကျနေလဲ မသိ။

သားငယ် ပြန်လည်အိပ်ပျော်သွားပြီး ခဏ အကြာ
ဘာသံကြားလို့လဲ မသိချေ  အိပ်နေရာမှ ဒုတိယအကြိမ် ထထိုင် နေပြန်တယ်။

" သားသား အိပ်အိပ် "  ကိုပြာလောင်က ကျောပွတ်ပေးသည်နဲ့ အိပ်ပျော်သွားပြန်တယ်။

မဟေသီက ကိုပြာလောင် နဲ့ သားငယ်ကို တလှည့်စီကြည့်ပြီး လှောင်ပြုံး ပြုံးနေသည်။

" တောက်-- "

ကိုပြာလောင်၏ မကျေနပ်သည့် တက်ခေါက်သံက မပြင်းထန်လှသော်လည်း တိတ်ဆိတ်သော ညဥ့်ဦးယံမို့ ထင် ကျယ်လောင်လှသည်။

မဟေသီက ဘာအဓိပ္ပါယ်ကို ဆိုလိုသည် မသိ  ကိုပြာလောင့် ဗိုက် ကိုဆွဲလိမ်သည်။

 ရသည် ကိုပြာလောင် ငြိမ်ခံနေလိုက်သည်။

အကြီးကောင်ကတော့ အိပ်နေလိုက်သည်မှာ တုတ်တုတ်မျှ မလုပ်ပေ။

အိမ်မက်ကောင်း ကောင်း မက်နေသည်လား မသိ။

ဟွန်း--ဒီနှစ်ကောင်ကို  ကြည့်ပြီး ကိုပြာလောင် တယောက် သက်ပြင်းရှည် တချက်ချ မိသလို ရင်မောနေမိတယ်။

အမောပြေမယ် ကြံကာရှိသေး---

ကိုပြာလောင်၏ အသက်ရှုသံ ပြင်းပြင်းကို ကြားလို့ လားမသိ-အငယ်ကောင်မှာ အိပ်နေရာမှ ထထိုင်နေပြန်သည်။

ကိုပြာလောင် စိတ်ထဲ နည်းနည်း တင်းသွားတယ်။

" ဟေ့ကောင် မအိပ်သေးဘူးလား "

ကိုပြာလောင်၏ အသံက လိုသည်ထက် ပိုကျယ်သွားလေလားမသိ။

ဒေါသသံပါ ရောစွတ်သွားသည်။

ကိုပြာလောင် ဒေါသကိုလျှော့ကာ သားငယ်ကို ကျောသတ်ကာ ချော့သိတ်နေလိုက်တယ်။

ထိုစဉ်  ရုတ်တရက်ထွက်ပေါ်လာသော  သား အကြီးကောင် ၏ စကားသံကြောင့် ကိုပြာလောင်ပင်မက ချစ်ဇနီးသည် မဟေသီပါ မျက်လုံးပြူးကာ အကြီးအကျယ် ထိတ်လန့် တုန်လှုပ် သွားပေတော့သည်။

" ရိုက်သတ်လိုက်စမ်းပါ အဖေရာ ဒီအတိုင်းကြည့်လည်း  မြင်ရဲ့သားနဲ့-- ထထကြည့်နေတယ်"  တဲ့။

                  ဟားတိုက်၍ ရယ်မောနိုင်ကြပါစေ

"မမ "ရဲ့ဒေါက်တင်ပွဲ



" မမ "ရဲ့ဒေါက်တင်ပွဲ
==============

မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ပြည်သူများ၏ အောင်ပွဲနှင့်အတူ အပြောင်းအရွေ့ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ ချီတက်မည်လို့ ပြင်ဆင်နေချိန်မှာ "မမ"ကတော့ ဒေါက်တင်ပွဲနဲ့အတူ အပြောင်းအလဲကို စတင်လိုက်ပါပြီ။

ဒေါက်တင်ပွဲ ဆိုလို့ ပျက်စီးနေသော သဘောၤအိုကြီးကို ပြန်လည်ပြင်ဆင်ရန် ဆိပ်ကမ်းကပ် ဒေါက်တင်ပွဲ ပြောတာမဟုတ်ပါဘူး။

"မမ "ဝန်ထမ်းများရဲ့ရာထူး အဆင့်ဆင့် အလိုက် ခွဲခြား သတ်မှတ်ထားတဲ့ ဘားများ အပွင့်အခတ်များကို ပုခုံးဒေါက်မှာ တင်ပွဲကို ဆိုလိုတာပါ။

တနည်းအားဖြင့် အဆောင်အယောင်အပ်နှင်းပွဲ ဖြစ်ပါတယ်။

၁၈၇၇ ခုနှစ်  ရန်ကုန်-ပြည် ရထား စတင်ပြေးဆွဲသည်မှ စခဲ့သော "မမ" ခေါ် မြန်မာ့မီးရထားသည် ယနေ့ဆိုလျှင် ၁၃၈နှစ်ရှိပါပြီ။

"မမ" သည် နှစ်ကာလကြာရှည်စွာ ပြည်သူများ၏ သွားလာပိုဆောင်ရေး ဝန်ဆောင်မှုများကို မမောနိုင် မပမ်းနိုင် တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။

" မမ " အဖွဲ့အစည်းရဲ့ အခြေခံ အဆောက် အအုံဖြစ်သော ရထားလမ်းများ- တံတားများ- ဘူတာရုံများ- မီးရထားရုံးများ- ပြေးဆွဲနေသော ရထားများ-သည် အများလေးစား ဂုဏ်ယူဖွယ် ကောင်းလောက်အောင် ခံ့ညား ထယ်ဝါ ကျက်သရေ ရှိခဲ့ခြင်းနှင့်အတူ အစဉ်အလာ ကောင်းများလည်း ရှိခဲ့ပါတယ်။

အရှေ့တောင်အာရှမှာလည်း ထင်ပေါ်ခဲ့ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း ဆယ်စုနှစ် သုံးစုခန့်က "မမ" ရထားပြေးဆွဲမှု သည် အချိန်မှန်ကန်တိကျ မှု များမှာလည်း အံ့မခမ်းရှိခဲ့တယ်။

မိမိအနီး ရောက်ရှိလာသော ရထား ဥသြဟွန်းသံကြားပြီ

-ဆွမ်း(စား)ဘုန်းပေးသော ရဟန်း သံဃံများ

-လုပ်ငန်းခွင်သွားသော အလုပ်သမားများ

- ကျောင်ဆင်း/တက်သွားသော ကျောင်းသူ  ကျောင်းသားများ

-ကောက်စိုက်ရင်းဖြင့် အချိန်နာရီကို ခန့်မှန်း သိသွားသော ကောက်စိုက်သမများ

-စသည် စသည်ဖြင့် ရှိခဲ့တယ်လို့ပြောရင် ပုံပြင်လေးက နားထောင် ကောင်းလိုက်တာလို့ ပြောကြလေ မလား မသိ။

အဲဒီလောက်အထိ Smart ကျခဲ့သော " မမ "ပါ။

အင်္ဂလိပ် လက်ထက်မှာစတင်ကာ သန္ဓေတည် မွေးဖွားခဲ့တဲ့ "မမ "ဟာ စည်းစနစ် ကျနသော ကိုယ်ပိုင်စည်းမျဉ်းဥပဒေသ စနစ်များနှင့် အတူ ဝန်ထမ်းများ၏ smart ကျသော ဝတ်စား ဆင်ယင်မှု များလည်း တည်ရှိခဲ့ပါတယ်။

ကော့ပျံနေအောင် မီးကြွေတိုက်ထားတဲ့ ယူနီဖေါင်းကိုဝတ်။

 ပီကက်ဦးထုပ်ကို စမက်ကျကျ ဆောင်းထားတဲ့ "မမ" ဝန်ထမ်းများကို မြင်ရတဲ့ ခရီးသွားပြည်သူတွေက အားကျ ဂုဏ်ယူ လေးစားသမှု ပြု ခဲ့တာလည်း ရှိခဲ့တယ်။

ပုခုံးဒေါက်ပေါ်မှ ဘားကိုကြည့်ပြီး အရာရှိ အရာခံအဆင့် များကိုလည်း အလွယ်တကူ ခွဲခြား သိမြင်ခဲ့ ရပါတယ်။

အဲဒီလို စည်းစနစ်ကျကျ ရှိခဲ့တဲ့ "မမ" ကို ၂၀၀၀ ခုနှစ်ဝန်းကျင်-မင်းစိုးရာဇာ ပွဲခင်းသဘင်တခုမှာ

"မင်းတို့ "မမ"ကလူတွေက ပုခုံးပေါ်မှာ အပွင့်အခက်တွေ ဘားတွေနဲ့  ဘာတွေလဲကွာ"

 လို့  လက်ညှိုး ညွှန်ရာ ရေဖြစ်နေသူရဲ့ အလိုမကျသော စကားတခွန်းကြောင့် ပျက်ခဲ့ရတယ်။

တနည်းအားဖြင့် ဒေါက်ဖြုတ်လိုက်တယ်ပေါ့။

ဒေါက်ဖြုတ်ခံရခြင်းနဲ့ အတူ "မမ" ဟာ ပစ္စည်းသင်္ခါရ လူသင်္ခါရ သဘောတရားအရ အစစ အရာရာ ပျက်စီးယိုယွမ်းခဲ့ရပေသည်။

လမ်းတံတားများ အဆောက်အဦးများ အသစ်တိုးချဲ့တည်ဆောက်ခြင်းများရှိခဲ့သည် ဆိုသော်လည်း စီးပွားရေးတွက်ချေမကိုက်သော တိုးတက်မှု များသာဖြစ်ခဲ့ပါတယ်။

ခေတ်နှင့်အညီ တိုးတက်မှု ရှိမရှိ ဆိုတာ ပြည်ပရထား စီးဘူးသူတိုင်း သိပါတယ်။ ဘာတွေကွာဟ သွားသလဲ ဆိုတာလည်း သဘောပေါက်ကြ မှာပါ။

သူများဆီမှာ တနာရီမိုင်ရာကျော်နှန်း ပြေးနေချိန်မှာ "မမ "က သုံးဆယ် လေးဆယ် မနည်း ပြေးနေရဆဲ။

သူများဆီမှာ ဒစ်ဂျစ်စနစ်နဲ့ အချက်ပြနေချိန်မှာ မမက စစ်ကြိုခေတ်သုံး အချက်ပြစနစ် အဆင့် မကင်းကွာနိုင်သေးဘူး။

မည်တို့ပင်ဆိုစေ "မမ" သည် အခက်အခဲပေါင်းများစွာကြားမှ ပြည်သူ့များရဲ့သွားလာရေး ဝန်ဆောင်မှုများကို တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။

ယခုလည်း ထမ်းဆောင်နေဆဲ ဖြစ်သလို နောင်လည်း မညီးမညူ ဆက်လက် ထမ်းဆောင် နေဦးမှာပါ။

ယနေ့ မမရဲ့ပြုပြင်ပြောင်းလဲရေးအစ အဖြစ်
ပုခုံးပေါ်ကို  အဆောင်အယောင် ဖြစ်တဲ့ ဘား တွေ တပ်ဆင်ပေးလိုက်ပါပြီ။

ထိုပုဂ္ဂိုလ်များသည် " မမ" ၏  ဦးစီး ဦးဆောင်ရမည့် ပုဂ္ဂိုလ်များဖြစ်ပေသည်။

ထူးခြားသည်မှာ ယခင်က အရာရှိအဆင့်မျာသာ ဘားများ တပ်ဆင်ခွင့်ပေးသော်လည်း ယခုအကြိမ်တွင် ကြီးကြပ်ရေးအဆင့် အမှုထမ်းများပါ တပ်ဆင်ခွင့်ပြုထားသည်မှာ နဲနဲ ပေါတောတော ဖြစ်နေသည်လား မသိ။

 မည်သို့ပင်ဆိုစေ ဘားများတပ်ဆင်သူများသည် တနည်းအားဖြင့်"မမ"ရဲ့ ပဲ့ကိုင်ရှင်များ ဖြစ်ပေသည်။

ပဲ့ကိုင်ကောင်းမှ လိုချင်သောခရီးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။

ခေါင်းဆောင်ရန် ပုခုံးပေါ်ဒေါက်တင် ထားခြင်းသည်

် -ခေါင်းရှောင်ရန်မဟုတ်

-မာန်မာန ထောင်လွှားရန် မဟုတ်။

-အောက်လက်ငယ်သား ဖိနှိတ်ရန် မဟုတ်။

-ဓါတ်ပုံ selfie ရိုက် အွန်လိုင်ပေါ်တက် ကြွားဝါရန် မဟုတ်။

- လုပ်ပိုင်ခွင့်အသုံးချ ကိုယ်ကျိုးရှာရန် မဟုတ်။

-"မမ" ရဲ့မြေလွတ် မြေကွက်လပ်မြင်တိုင်း ဆိုင်ခင်းဖွင့် အပိုင်စီး ငှားစားရန် မဟုတ်။

-အောက်ခြေ ခွဲတမ်း တောင်းရန် မဟုတ်။

       ----------------မဟုတ်။

       ----------------မဟုတ်။

       ----------------မဟုတ်။

အဆုံးသတ်ရရင်ဖြင့် ပုခုံးပေါ်ဒေါက်တင် ခြင်းသည်

-မိမိကိုယ်ကို တာဝန်ယူမှု /တာဝန်ရှိမှု ပိုလာပြီဟု မှတ်ပါ

-နိုင်ငံတကာ ရထားအဆင့်မှီ ဖြစ်အောင် လုပ်မည်ဟု သက်သေပြပါ

-ပြင်ပမှ ပုဂ္ဂလိကမှ အပွင့် အခက်ဘားများ တပ်ဆင်လေ့ရှိသော အဝေးပြေး ကားသမား ကဲ့သို့လည်းကောင်း

-စူပါမက်ကက် လုံခြုံရေးမှူးများ ကဲ့သို့လည်းကောင်း  မိမိစိတ်ကို ချိုးနှိမ်ထားပါလို့။

မမကြီး အောင်မြင်ကြီးပွားပါစေလို့ ...လို့.....လို့....


မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...