====================မောင်ဦး-(တိုဟူး)
" ပြစမ်းပါဦး ရှင့် အသုံးစာရင်းတွေ--ဒီတခါ မဟုတ်တာတွေ သုံးစွဲလာရင် ရှင်နဲ့ ကျမ တွေ့မယ်"
အငယ်တန်း အင်ဂျင်နီယာ ကိုပြာလောင် တယောက် အိမ်ရောက်ရောက် ခြင်း ချစ်ဇနီးသည် မမ ၏ ဆီးကြို ဟောက်သီးကျွေးသံကြောင့် မျက်နာတချက် ပျက်သွားတယ်။
ဒီနေ့ ရုံးမှာ လက်အောက်ငယ်သား တွေကို ဆူပူကြိမ်းမောင်းခဲ့လေ သမျှ အိမ်ပြန်ရောက်သည်နှင့် ချက်ခြင်း ဝဋ်လည်ပြီးလို့ စိတ်ထဲ တွေးနေမိတယ်။
ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ မြတ်ဗုဒ္ဓ တရား က ကိုပြာလောင် အတွက် ကွက်တိ ဖြစ်နေပါရောလား။
ကိုပြာလောင် တယောက် လုပ်ငန်းခွင်မှာ ခြင်္သေ့လို ဟိန်းဟောက် နိုင်ပေမဲ့ အိမ်မှာ ကြွက်ကပင် ဂရုမစိုက် တဲ့ ကြောင်အိုပြောရမလား မသိ။
မမ ၏ ရှေ့၌ မခုတ်တတ်သည့် ကြောင်အလား အမြီးပင် မနံ့ရဲပေ။
မမ ကို အရမ်းကြောက်သလားလို့ မေးလျှင် ချစ်လို့ အလိုလိုက်ထားတာပါလို့ အရှက်မရှိ စပ်ဖြဲဖြဲ ဖြေဆို လေ့ ရှိသည်ကို တွေ့ရပါသည်။
အခုလည်း ချစ်ဇနီးသည် မမ က ငွေကြေးကိစ္စ ကို လေသံ မာမာဖြင့် မေးလေသည်နဲ့ ကိုပြာလောင် မျက်နာ ဇီးရွက်ခန့်ရှိတော့သည်။
" ဟီး ဘာမှ ပိုမသုံးပါဘူး မိန်းမရယ်"
ငွေစာရင်း စာအုပ်ကို မမ ထံ ထိုးပေးပြီး သွား ၃၂ချောင်းပေါ်အောင် ဖြဲပြနေတဲ့ ကိုပြာလောင်ရဲ့ မျက်နာက မနားတမ်း ဝါးထားသည့် ကွမ်းယာကြောင့် သွေးစုတ် ဖုတ်ကောင် မြင်ရသလိုပင် အကြည့်ရ ဆိုးလိုက်ပါဘိ။
ဘုတ်အုပ်ကို ဆောင့်အောင့် ဆွဲယူပြီး မျက်စောင်း တချက်ပြစ်လိုက်သည့် ဇနီးသည် မမ ရဲ့ အကြည့်ကြောင့် ကိုပြာလောင် ရင်ထဲ လျှပ်စစ်ဗို့အား ဝပ်တစ်ထောင် အတို့ခံရသလို ပါဘဲ။
ချွေးများပင် ပျံလာတယ်။
ချွေးပျံနေသော မျက်နာကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပါတယ်။
ကိုပြာလောင် တစ်ယောက် ဒီနေ့မှ ချွေးပိုထွက် နေသလားမသိ။
လက်ကိုင်ပုဝါ ဖြင့် ထပ်ခါ ထပ်ခါ ပွတ်နေမိတယ်။
ဟုတ်ပါတယ် ။
ဒီနေ့ ကိုပြာလောင် တိုင်းရုံးမှ လုပ်ငန်းသုံးငွေ ထုတ်လာ ပြီး လုပ်အားခများ ပေးစရာရှိတာပေး ရှင်းစရာ ရှိတာ ရှင်းပြီး ပိုလာသည့် ငွေကို အိမ်ပြန် သယ်လာခြင်းဖြစ်သည်။
အိမ်ပြန် အရောက်မှာ ချစ်ဇနီး မမ ၏ စာရင်းရှင်းလင်းပွဲကို တက်ရသည် ဆိုပါတော့။
စာရင်းရှင်းလင်း သည်ဆိုသည်ထက် မမ ၏ အထူးစုံစမ်းစစ်ဆေးခြင်းခံယူရခြင်း ဖြစ်တယ်လို့ ပြောရင် ပိုမှန်ပါတယ်။
ငွေထုတ် လာတိုင်း ဇနီးသည် မမ ၏ နုတ်ခမ်း တဆူဆူဖြင့် မေးတငေါ့ငေါ့ဖြင့် စုံစမ်း မေးမြန်း ခံရသည် မှာ ထုံးစံ လိုဖြစ်နေပါသည်။
အစစ်အဆေးခံမည့်သူနဲ့ စစ်ဆေးရေးဝင်သူပါ မျက်နာထားများက မကောင်း။
"ထုတ်ငွေ က ဟုတ်ပါပြီ အသုံးစာရင်းကော"
ဇနီးသည် မမ၏ အသံက မာသည် ဆိုရမလား။
ပြတ်သည် ဆိုရမလား။
အစာ မကျေလည် သည်မှာ သေချာသည်။
မမ မျက်နာထားက အိမ်စာ မလုပ်ခဲ့ သည့် မူလတန်းကျောင်းသားကို ရိုက်တော့မည့် ဆရာမ ဒီဇိုင်း။
လက်ထဲတွင် ဒုတ် မကိုင်ထားသည်က ကံကောင်းပေသည်။
ကိုပြာလောင် ၏ တုံးတိတိ အသံက ညောင်နာနာ။
ရက်ရှည် လများ ထမင်းမစားရသည့် လေသံအလား။
"percent (ရာခိုင်နှန်းဖြတ်ငွေ)ထုံးစံအတိုင်း ဟုတ်ပါပြီ သင်္ကြန်ကြေးဆိုတာက ဘာလဲ?"
ဇနီးသည် မမ ၏ ပထမဆုံးမေးခွန်းကြောင့် ကိုပြာလောင် ခဏတွေဝေသွားသည်။ပြီးမှ
"သင်္ကြန်ကြေးဆိုတာက ရုံးချုပ်က စာရေးမတွေ သင်္ကြန်ရေကစားဘို့ ပေးရတဲ့ငွေ-အဲအဲ--လှူတဲ့ ငွေပါ"
ဟု တလုံးချင်းဖြေလိုက်တယ်။
မမ မှာ ကိုပြာလောင်၏ ဖြေရှင်းချက် ကို သဘော မကျသော်လည်း ဘာမှပြန်မပြောဘဲ
မေးခွန်း ၂ ကို ဆက်ထုတ်တယ် ။
"ဂါငွေ ဆိုတာဘာလဲ"
"ဂါငွေဆိုတာ အဘကို ဂါဝရ ပြုတာ ကန်တော့တဲ့ငွေကိုပြောတာပါ "
"ရှင်--ရှင့်အဘ လည်း ဆုံးတာကြာပြီ ကျမ အဘလည်းမရှိဘူး --ဘယ်က ပထွေး အဘလဲ?"
ဇနီးသည် မမ၏ နောက်ဆက်တွဲ မေးခွန်းက မကျေနပ်သော လေသံ။
" အဘ ဆိုတာ ရုံးချုပ်က ဆရာ့ ဆရာကြီးတွေ ကို ခေါ်တာလေကွာ--ဒါလေးတောင် မသိဘူးလား"
ကိုပြာလောင်တစ်ယောက် အရဲစွန့်ပြီး တချက်ကွန့် ဖြေလိုက်တယ် ဆိုရင်ဘဲ ဇနီးသည်မမ ရဲ့ မျက်စောင်းထိုးအကြည့်က ကိုပြာလောင်အပေါ် ဒုတိယ အကြိမ် ကျလာတယ်။
နဂါးဆို ကိုပြာလောင် မီးလောင် ပြာကျလောက်ပြီ။
" မသိလို့ မေးတာပေါ့ရှင့် -- သိရင် လေကုန်ခံ မေးမနေဘူး --ထားပါ--ခေါစာပြစ် -- ငွေ ဆိုတာက ဘာလဲ"
လာပြန်ပြီ တတိယ မေးခွန်း။
"ခေါ်စာပြစ်ငွေ" တဲ့
ကိုပြာလောင်တယောက် ကိုယ့် အဓိပ္ပါယ် ကိုယ့်ဘန်း စကားဖြင့် စာရင်းသွင်း ထားသည်ကိုက မှားလေပြီ။
မတတ်နိုင်ပါဘူး။
မမ နားလည်အောင် ရှည်လျားစွာ ထုချေ ရှင်းပြလေမှ ကိုယ်ပြာလောင် သက်သာရာ ရပေလိမ့်မည်။
" ဒို့ရွာမှာ ဓလေ့ တခုရှိတယ် ဆိုတာ မင်းသိမှာပါ မကောင်းဆိုးဝါး သရဲ တစ္စေ ပြိဿာ မှင်စာတွေက ကိုယ့်မိသားစု ( သို့မဟုတ်)ကိုယ့်ကလေး ကို အန္တရာယ်မပေးအောင် ဘေးရန်ကင်းအောင် ဆိုပြီး ဖက်ရွက်လေးပေါ်မှာ ထမင်းဟင်းလေးပုံ ရွာခြံစည်းရိုးဘေးမှာချ --လာပါ -- စားပါ ဆိုပြီး သရဲ တစ္ဆေ တွေကိုကျွေးတာကို ခေါစာပြစ်တယ် လို့ ခေါ်တယ်ကွ--အခုလည်း ငါတို့ အလုပ်လေး အဆင်ချောအောင် --ချောက်(ဂျောက်)မတွန်းအောင် လူကြီးရဲ့ ပြာတာ တို့ -ဒါရိုင်ဘာတို့-ထမင်းချက်တို့ စာရေး စာချီတို့ကို ပေးတဲ့ ငွေကို ခေါစာပြစ်ငွေ လို့ပြောတာပါ မိန်းမရယ်"
ကိုပြာလောင်၏ စကားအဆုံးတွင် ချစ်ဇနီးသည်မမ မှာ မရယ်( ရီ ) မိအောင် မနည်း စိတ်ကို ထိန်းချုပ်လိုက်ရလေ သလား မသိ။
စာအုပ်ဖြင့် မျက်နာကို ကွယ်ကာ တဖက်သို့ လှည့်သွားသည်။
ပြီးမှ မေးခွန်း နံပါတ်လေးဆိုပြီး မရှင်းသည်ကို ဆက်မေးပြန်သည်။
" ရှင်--ဘုရား တရား မလုပ်ဘဲ --ဗေဒင်ယောင်ယောင် နတ်ကတော် ယောင်ယောင် အလုပ်တွေ လုပ်နေတာလား--ယစ်ပူဇော်ငွေ ဆိုတာဘာလဲ ? "
မမ ၏ စကားအဆုံးတွင် ကိုပြာလောင်မှာ ပြာသလဲလဲဖြင့် လက်ကာပြကာ
" မဟုတ်ရပါဘူး မိန်းမရယ်-- ဟိုဆရာကြီးကို ပေးရတဲ့ ငွေကိုပြောတာပါ--အရက်မူးပြီး ဉာည့်နက် သန်းခေါင် ဖုန်းဆက်ဆက်ပြီး လှမ်းလှမ်း ရစ်တဲ့ ဆရာကြီးတို့ လုပ်ငန်းခွင်မှာ အပြစ်မရှိ အပြစ်ရှာ ရစ်တဲ့ ဆရာကြီးတို့ကို ပေးရတဲ့ငွေ ယစ်ပူဇော်ငွေလို့ ပြောတာပါ"
ဇနီးသည်မမ မှာ လင်တော်မောင် ကိုပြာလောင် အား အရက်မူးသမားဆရာ၏ မကြာခဏ ရစ်ပတ် ဆူဆဲခံရခြင်း အချိန်မရှိ အချိန်ရှိ စာရင်းဇယား အမျိုးမျိုးတောင်း ပညာပြ ခံ နေရသည်ကို သိရှိထားလေသဖြင့်
" အင်း သူတို့လည်း ယစ်ပူဇော် ရမှာ ပေါ့လေ"
'မမ '၏ စာနာတတ်သော မချိတင်းကဲ လေသံကြောင့် ကိုပြာလောင် အားရှိသွားတယ် ။
ဒါနဲ့တင် ဇနီးသည် မမရဲ့ အင်ကွာရီက အဆုံး မသတ်နိုင်သေးဘူး--
"ဘောမ --ငွေ --ဘောမ ငွေဆိုတာက ဘာလဲ" တဲ့။
" ဟဲဟဲ အဲဒါက လူကြီးရဲ့ တောက်တိုမယ်ရလုပ်တဲ့သူ ( သို့ )သူတို့ကို သူတို့ PSO လို့ နာမည်ပေးထားသူကို ပေးရတဲ့ ငွေကို ဘောမငွေလို့ ပြောတာပါကွာ-- အဲ နောက်ပြီး နတ်ဆိုးအတွက် သုံးစွဲငွေ ဆိုတာ တွေ့လား" အဲဒါ စား.. ရင်း... စစ်တဲ့ စာရင်းစစ်ကို ကျွေးမွေး ဧည့်ခံပေးကမ်းတဲ့ ငွေကိုပြောတာကွ-
လူကို ကောင်းကျိုးသာ မပေးနိုင်တာ-- ဆိုးကျိုး ပေးတတ်တာက နတ်ဆိုးဘဲ မဟုတ်ဘူးလား "
ကိုပြာလောင်၏ စကားအဆုံးတွင်
ဇနီးသည် မမ တယောက် ပေါက်ပေါက် ရှာရှာ ငွေစာရင်း ခေါင်းစဉ် အမျိုးမျိုးတပ်ထားသည့် လင်တော်မောင် ကိုပြာလောင်ကို စိတ်ထဲက ကြိတ်ချီးကြူးနေသလား မသိ။
မျက်နာက မချို မချဉ်။
" ရှင့် အလုပ်ကလည်း ဆင်သတ်ပြီး အရပ် ဝေနေရတဲ့ အလုပ်ပါလား -- ရှင့်မှာ ဘာကျန်သေးလဲ-- ဒီပုံစံဆို ရှင်ငွေလိုတိုင်း ပြေးပေါင်နှံထားရတဲ့ ကျမ အထည်ပစ္စည်းတွေ ဘယ်လိုလုပ်ရွေးမလဲ"
မမ ၏ နောက်ဆုံးမေးခွန်းကို ကိုပြာလောင် ဘယ်သို့ ဖြေရပါ့။
" ပြောလေ ရှင်မှာ ဘာကျန်သေးလဲ"
"တထောင် တော့ ရှိပါသေးတယ်"
ကိုပြာလောင်ရဲ့ အရင်းမပါ အဖျားမပါ ယောင်ယောင် မှားမှား ဖြေသံ အဆုံးတွင် ဇနီးသည် မမရဲ့အော်ဟစ် ဆူညံ ပေါက်ကွဲသံကြောင့် ကိုပြာလောင် တယောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ညစာပါ ငတ်ကိန်းဆိုက်လေပြီ။
မဟေသီ၏ ကြိမ်းမောင်းသံကို ကြည့်ပါဦး။
" ရှင့် မှာ တစ်ထောင်တံ ဘဲရှိတော့သလို ကျမလဲ အမေပေးတဲ့ မွေးရာပါ 'လယ်တကွက်' ဘဲရှိတော့တယ်ရှင့် နောက်တခါ အဲဒီ လယ်ကွက်ကြီးပါ ပေါင်ရရင် ရှင် ညစာငတ်ပြီ မှတ်ပါ " တဲ့။
မှတ်ချက်။ ။ လယ်ကွက် အသစ်များ အပေါင်ခံသည်။
ပျော်ရွှင်ကြပါစေ ကိုရွှေအင်ဂျင်နီယာတို့