တိုဟူး
ဂါရဝတောစ နိဝါတောစ ဂုဏ်ပြုအပ်သူကို ဂုဏ်ပြုကြတာ မင်္ဂလာတရားတော်နဲ့အညီဆုံး ဖြစ်တာမို့ မပြားစိန် ခေါ် ဒေါ်စိန်စိန်(အမည် လွှဲ)ကို ကျွန်ုပ်တိုဟူး ဤပိုစ့်နဲ့ဂုဏ်ပြုပါရစေ ခင်ဗျာ...
ရှေးသူဟောင်းလူကြီးတွေ ထားရစ်ခဲ့လေသော စကားပုံများ၊ အဆိုအမိန့်များဟာ တခါတလေ ကိုယ်နဲ့တိုက်ဆိုင်ပြီး သင်ခန်းစာယူစရာ ကောင်းသလို သံဝေဂ ရစရာလည်း ကောင်းလှတယ်ဗျို့။
ဒါက ကိုယ်တွေ့ ကိုယ့်တွေ့နော်။
ပထမ ဆိုရိုးတခုက အသားလိုလို့ အရိုးတောင်းတဲ့ အဖြစ်ပြောရမလား မသိဘူး။
ဒီနေ့ညနေမှာပေါ့ဗျာ...
ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးအတွက် လမ်းမကြီးပေါ် လမ်းလျှောက်နေစဉ် ကားတစ်စီးပေါ်မှ အမျိုးသမီးတစ်ယောက် ဆင်းလာတယ်။
အရွယ်မငယ်တော့ဘူး ဆိုရပေမဲ့ အသက်အကြီး ကြီးလည်းပြောမရဘူး။
လက်ကျန်စိုစိုပြေပြေရှိဆဲပေါ့။
လူရွှင်တော် ကိုမော့ပြောသလို ပြောရရင် ရိုရိုသေသေ ကိုင်တွယ်ရင် လေးငါးနှစ် အေးအေးဆေးဆေးပေါ့။
ဟဲဟဲ နောက်တာပါ အတည်ပါ။
အဲဒီအမျိုးသမီးက ကျုပ်ဆိုတဲ့ လမ်းဘေးလမ်းလျှောက်နေတဲ့ တိုဟူးကို တခုတ်တရ လာနှတ်ဆက်တယ်။
"ဦးလေး နေကောင်းလား နေပြည်တော်က ပြန်ရောက်လာမှ ပိုနုနေတယ်နော်"
တဲ့။
သူစ နှတ်ဆက်ဆက်ချင်း ပထမတော့ ကိုယ့်ကိုဘဝင် လေဟတ်သလိုလိုနဲ့ ကြောင်သွားတယ်။
အကြောင်းက သူနဲ့ ကျုပ် တမြို့ထဲသားချင်း တစ်ရပ်ကွက်သားချင်းမို့ ကောင်းစွာ သိရှိနေသော်လည်း ရင်းရင်းနှီးနှီး ခေါ်ခေါ်ပြောပြော မရှိပါဘူး။
ဒါပေမဲ့ မစိမ်းလို့ဆိုရမယ်။
သူ့နာမည်က ရပ်ကွက်အခေါ် ငယ်က ပျားရည်ရောင်းစားသူမို့"ပြားစိန်မ" မပျားစိန်ပေါ့။
ကျုပ်တို့အခေါ် ပျားစိန်မ ဟာ ပထမ ရိုးရိုးအေးအေးရှိခဲ့သော်လည်း လင်ယောကျာ်း သူသူတန်တန်ရရှိပြီး စီးပွားရေး အဆင်ပြေလာတော့ သူ့ကိုသူ စိန်စိန်..စိန်စိန်နဲ့ မာနရှင် ဒေါ်စိန်စိန် ဖြစ်လာပါပေရော။
ပြားစိန်မခေါ် ဒေါ်စိန်စိန်ကို ရပ်ကွက်ထဲ မကြာခဏ ဆုံဖြစ်သော်လည်း သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားနဲ့ စကားပြောဖို့ နေနေသာသာ နှတ်ပင် မဆက်မိပါဘူး။
ကိုယ်တင်ပဲလားဆိုတော့မဟုတ်ဘူး။
မာန တခွဲသားမို့ ရပ်ကွက်ထဲက လူတော်တော်များများက သူနဲ့ဆက်ဆံရေးမှာ ကိုယ့်လိုပါပဲ။
ထားပါ။ကျုပ်ကို နှတ်ဆက်တာပြောမယ်။
ပထမတော့ ပြားစိန်မ ကိုယ့်ကိုနှတ်ဆက်တာမှ ဟုတ်ရဲ့လားလို့ နောက်လှည့်ကြည့်မိတယ်။
ကိုယ့်နောက်မှာ လူတစ်ယောက်မှ မရှိဘူး။
ဟုတ်ပါပြီ ကိုယ့်ကိုနှတ်ဆက်တာပဲဆိုပြီး အော် အင်း ကောင်းပါ့ဗျာ ကောင်းပါ့ဗျာလို့ ပြန်နှတ်ဆက်ရတာပေါ့။
ဒီလိုနဲ့သူကို ခဏတာစကားပြန် ပြောပြီး လမ်းခွဲခဲ့တယ်။
ဒီနေ့ ဘယ်တုန်းကမှ စကားမပြောဖူးသူက ကိုယ့်ကိုအရေးအယူ ထူးထူးခြားခြား နှတ်ဆက်လာတော့ ထူးဆန်းနေမိသည်။
စိတ်ထဲလည်း မတင်မကျ။
လမ်းလျှောက်ရင်းနဲ့ စဉ်းစားမရ။
ပြားစိန်မ တစ်ယောက်ဟာ မုဆိုးမဖြစ်တာမှ မကြာသေးဘူး ထူးထူးခြားခြား ကိုယ့်များ လာကြွေနေရော့လားလို့ ပေါက်ကရ တွေးနေမိတယ်။
ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်ရတာပေါ့။
မဖြစ်နိုင်။ ကိုယ်လည်း သားနဲ့ မယားနဲ့။
သူ့လည်း သားနဲ့ ...
ဒါဖြစ်ရင် ဘာလဲ ဘယ်လိုလဲ ဘာသဘောလဲ..
တွေးရင်း တွေးရင်းနဲ့သာ အိမ်ကို နီးလာတယ်။
အဖြေကမရ။
အိမ်ရောက်ရောက်ချင်း ဖိတ်စာလေး တစ်စောင် ဖတ်လိုက်ရမှ အဖြေပေါ်လာတယ်။
အော် ပြားစိန်မ ခေါ် မစိန်စိန်က ရှေးဟောင်းသူတို့ဆိုစကား ကိုလက်တွေ့ အသုံးချသွားတာပါလား။
အခုဖြစ်က အသားလိုလို့ အရိုးတောင်းတယ် စကားပုံလိုပြောရ မလား...
ဘူးသီး သီးမှ အရီးတော်သည် ဆိုရိုး စကားလား...
သေသေချာချာဆိုနိုင်တာကတော့ အခွင့်အရေး လာဘ်လာဘရရန် အကြောင်းမမြင်သောအခါ အရေး မစိုက်ဘဲ အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ အရေးတယူပြုလာသည့် မပြားစိန် ခေါ် ဒေါ်စိန်စိန်၏ #သားမင်္ဂလာဆောင်ဖိတ်စာ သည် ကျုပ်အိပ်ထောင်ထဲမှ မရှိမဲ့ ရှိမဲ့ ငွေစက္ကူ တစ်ရွက် ခုံထွက်ရန် ပြင်နေသည်က
ကျွန်ုပ် အတွက် အဖြေဖြစ်နေပါတော့သည်။
သင်လည်း မပြားစိန်လိုပဲလား
တိုဟူး
အချစ်နှင့်မရဏ ရေစီးကြောင်းတွင် မျောပါနေရသော လူဘုံဘ၀တွင် တန်ဘိုးရှိရှိ နေထိုင်ပြီး အကုသိုလ်ကင်းမှသာ လူဖြစ်ကျိုးနပ်ပါလိမ့်မည်။
No comments:
Post a Comment