ကောင်းကင်မေမေ တိုဟူး တိုဟူး

Tuesday, January 1, 2019

#ကကြိုးရှုပ်ခဲ့တဲ့ဘဝ

တိုဟူး တိုဟူး အချိန်တန်အရွယ်ရောက်လာတော့လည်း ဘဝဆိုတာ တိုတိုလေးပါလားလို့ တွေးရင်းငေးရင်း ကိုယ့်ကို ပြန်ဆန်းစစ်နေမိတယ်။ မပြောမဖြစ် ပြောချင်တာတွေလည်း များပါဘိ။ ပြောရင်း ပြောရင်းနဲ့ ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းရမဲ့ အဖြစ်တွေက များနေသည်မို့ မပြောချင်ပါဘူး။ ဒါပေမဲ့ မနေနိုင်ပါဘူးပြောရမှာပဲ။ မှတ်မိတာတခုတော့ရှိတယ်။ ကိုယ်ငယ်ငယ်က ကိုယ့်ကို ဟုတ်လှပြီထင်ပြီး မှားယွင်းတဲ့ လုပ်ရပ်တွေ ဆုံးဖြတ်ချက်တွေကို ယနေ့အထိ မမေ့နိုင်တာတော့အမှန်ပါ။ မစဉ်းစားမဆုံးဖြတ်ခဲ့ပဲ လုပ်ခဲ့မိတဲ့အလုပ်တခုအတွက် မမျှော်လင့်ပဲ ဆုံးရှုံးမှန်းမသိ ဆုံးရှုံးခဲ့တာတွေ အမှားလုပ်ခဲ့တာတွေလည်း ဘဝတလျှောက် များမှများပါပဲ။ အဓိပ္ပါယ်မဲ့ပြီး အကျိုးမရှိတဲ့အလုပ်ကို လုပ်ခဲ့တာကိုတွေးမိလို့ တစ်ယောက် ထဲပြုံးလိုက်ရင်း အသံထွက်အောင်ရယ်(ရီ) လိုက်မိတယ်။ ဘာတဲ့=လမ်းစဉ်လူငယ် ရှေ့ဆုံးကကျွန်တော် ကြက်ခြေနီလူငယ် ရှေ့ဆုံးကကျွန်တော် မီးသတ်လူငယ် ရှေ့ဆုံးကကျွန်တော် အရံပါတီဝင် ရှေ့ဆုံးကကျွန်တော် တင်းပြည့်ပါတီဝင် ရှေ့ဆုံးကကျွန်တော် အစည်းအရုံးလူငယ် ရှေ့ဆုံကကျွန်တော် လုပ်အားပေးလူငယ် ရှေ့ဆုံးကကျွန်တော် အဲဒီလို ကိုယ့်ကို ဘဝင်လေဟတ်ပြီး ဥာဏ်တထွာတမိုက်လေးနဲ့ ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် ဗမာပြည်ကြီးတခုလုံးကို အလုံးစုံပြောင်းပစ်မယ်ဆိုပြီး ရူးရူးနှံးနှံးလုပ်ရပ်များကိုလည်း အခုချိန်မှာ တွေးမိပြီး ငါးခူပြုံးမိပါရဲ့။ ကျုပ်တို့ငယ်ငယ်တုန်းက ကျောင်းတွေမှာ မနက်တိုင်းညနေတိုင်း တကျောင်းလုံးဆိုခဲ့ဘူးတဲ့ သီချင်းရှိတယ် မဟုတ်လား။ မိမိကိုယ်ကို ကောင်းအောင်ကျိုးစားမည်။ မိမိအတန်းကို ကောင်းအောင်ကျိုးစားမည်။ မိမိကျောင်းကို ကောင်းအောင်ကျိုးစားမည်။ မိမိတိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းအောင်ကျိုးစားမည်။ ဂတိလေးချက်ကိုမူတည် ဖွဲ့စည်းခဲ့တဲ့ကျောင်းကောင်စီ၊ အသင်းလေးသင်းဖွဲ့ကာအတည် ကျန်စစ်သားနဲ့ ဘုရင့်နောင် အလောင်းဘုရားနဲ့ ဗန္ဓုလ တဲ့အညီ။ ဆိုလား ဘာလား ညာလား။ ကျောင်းကိုရောက်လို့ အလံတိုင်မှာ နီဝါပြာစိမ်းနီ ကိုယ့်အသင်း ကာလာ ( အရောင်) ကျသည့်နေ့ဆို ကိုယ်တာဝန်ကျသည့်နေ့။ စိတ်ထဲမှာစွဲလို့။ စာသင်ရင်းနဲ့အသိစိတ်မှာစွဲနေတာက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဘို့ဆိုတာ ပညာရေးကအဓိကဖြစ်တယ်။ ပညာတတ်အောင်သင်မယ်။ ကျောင်းဆရာဖြစ်အောင်လုပ်မယ် ဆရာဝန်ဖြစ်အောင်လုပ်မယ် အင်္ဂျင်နီယာဖြစ်အောင်လုပ်မယ် စစ်ဗိုလ်ကြီးဖြစ်အောင်လုပ်မယ် ရဲကြီးဖြစ်အောင်လုပ်မယ်။ ဒါပေမဲ့ ပညာရေးအမှောင်ခေတ်မှာ လူသားဖြစ်လာတဲ့ ကျုပ်တို့ မျိုးဆက်တွေ အများသိတော်မူကြသည့်အတိုင်း-- -မယောင်ရာ ဆီလူးတွေနဲ့ ကကြိုးတွေရှုပ်ခဲ့တယ် မဟုတ်လား။ ဆရာကြီး ဦးသုခရဲ့ဘဝသံသရာသီချင်းထဲကလိုပြောရရင် ဖြစ်ချင်တာတွေ မဖြစ်ရ မဖြစ်ချင်တာတွေ ဖြစ်ရတာပေါ့။ အဲ တတ်မြောက်လာတဲ့ ပညာနဲ့ ဆရာဝန်တွေ ဆရာဝန်အလုပ် တကယ်လုပ်ခဲ့ရသလား? အင်္ဂျင်နီယာတွေ အင်္ဂျင်နီယာအလုပ် တကယ်လုပ်ခဲ့ရသလား? ကျောင်းဆရာတွေ ကျောင်းဆရာအလုပ် တကယ်လုပ်ခဲ့ရသလား? မီးသတ် မီးသတ်အလုပ် တကယ်လုပ်ခဲ့ရသလား? ရဲ ရဲအလုပ် တကယ်လုပ်ခဲ့ရသလား? စစ်သား စစ်သားအလုပ် တကယ်လုပ်ခဲ့ရသလား? ပြောချင်တာက ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာအလုပ်ကို professional ဆန်ဆန် မလုပ်ခဲ့ကြရလို့ ကျုပ်တို့ ဓါးမ နောက်ပိတ်ဖြစ်နေကြတာ။ အဲဒီလိုထဲမှာမှ---ဟေ့ကောင် မင်းကောလို့ မေးမြန်းလာသည်ရှိသော် ဟုတ်ကဲ့ မရှက်မကြောက် ဝန်ခံပါတယ်။ ဆင်းရဲတွင်းထဲ နွံနစ်နေတာကို ကြည့်လို့။ ယခုအချိန်မှာမှ နောင်တ နောင်မှရနေလည်း ကျုပ်အတွက် နောင်တဟာ နေဝင်ဆည်းဆာဂိတ်ဝက နောင်တဖြစ်နေမှတော့းးးးးးးး ဟူး မောပါဘိ....... တိုဟူး တိုဟူး 11:30pm 2.12.2018 facebook တွင်တင်ခဲ့သောစာ

No comments:

Post a Comment