သူတို့ အမြင်---
ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး…. ဟု ဆိုတဲ့… လက်ဘနွန်နိုင်ငံသူ ခရီးသွား စာရေးဆရာမ… အီလင်း ယူဆွတ် ရဲ့ ဗုဒ္ဓဘာသာအပေါ် အမြင်ပါ။
အမြင်တူညီသည်ဖြစ်စေ မတူညီသည် ဖြစ်စေ ကိုယ်ကိုးကွယ်သည့် ဘာသာအပေါ် ဘာသားခြားတစ်ယောက်၏ လေ့လာသုံးသပ်ချက်ကို ဖတ်သင့်တဲ့ ဗဟုသုတ အနေဖြင့် မျှဝေလိုက်ပါတယ်။
တိုဟူး တိုဟူး
===================================
“ငါဘုရားရဲ့ တရားတွေကို တွေးကြံနိုင်စွမ်းရှိသူတွေပဲ သိနိုင်မယ်” — ဗုဒ္ဓ
ကျမက ဘာသာတရား ကိုင်းရှိုင်းလှတယ်မဟုတ်၊ ဗုဒ္ဓတရားကိုပဲ ကျင့်ကြံတယ်လို့ ပြောမိတိုင်း မေးခွန်းပေါင်းများစွာ ပြန်လာလေ့ရှိတယ်။
ကမ္ဘာပေါ်မှာ ဗုဒ္ဓတရားကို ဘာသာ တရပ်လို့ အများက သတ်မှတ်ထားပေမယ့် ကျမအတွက်တော့ ဒီလို မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ဆိုရရင်၊ ဒီတရားအကြောင်းကို ဘာမှမသိခင်၊ ဒီ အတွေးအမြင်နဲ့ ထုံးထမ်းတွေကို အတွင်းကျကျ မလေ့လာမိခင်တော့ ကျမလည်း ဒီလိုပဲ ထင်ခဲ့တယ်။
ပထမဆုံးအနေနဲ့ “ဘာသာ” ဆိုတာကို အဓိပ္ပါယ် ဖွင့်ရရင် “ယုံကြည်၊ ကိုးကွယ်ရာ စနစ် တခု” နဲ့ “လူသာမာန် မဟုတ်၊ တန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်မှု” ဆိုရမယ်။ အိန္ဒိယနဲ့ နီပေါကို ခရီးထွက်ပြီး အဲဒီက ဗုဒ္ဓကျောင်းကန်တွေကို လေ့လာကြည့်မိမှ ဗုဒ္ဓဘာသာဆိုတာ ယုံကြည်မှုအပေါ်အခြေခံတဲ့ စနစ် မဟုတ်သလို တန်ခိုးရှင်အပေါ်မှီတဲ့ အဖွဲ့အစည်းလဲ မဟုတ်တာတွေ သတိပြုမိလာတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓကို တန်ခိုးရှင် အဖြစ် မသတ်မှတ်ပါဘူး။ သူတို့အတွက်တော့ ဗုဒ္ဓဟာ ကမ္ဘာပေါ်က တခြားသူတွေလိုပဲ လူသား တယောက်ပါပဲ။ ဒါပေမယ့်… သူဟာ ဒုက္ခတွေရဲ့ အကြောင်းရင်း အရှုပ်အထွေးကြီးကို ထုတ်ဖေါ် ရှင်းလင်းခဲ့ပြီး၊ အဲဒီ အရှုပ်အထွေးက လွတ်ရာ လွတ်ကြောင်းအတွက် တိကျသေချာတဲ့ လမ်းကို ပြခဲ့တယ်။
အခုလို သဘာဝ ဓမ္မနဲ့ သံသရာက လွတ်ကြောင်းတွေ ပြသခဲ့တာတောင်၊ သူ့ကို ကိုးကွယ်တာ၊ ဝတ်ပြုဆုတောင်းတာတွေ မလိုချင်ဘူးလို့ အလေးအနက် ဆိုခဲ့သေးတယ်။ တခုပဲ သူတောင်းဆိုတာက … သူ့ရဲ့ တရားတွေကို စူးစမ်းစိတ်ဖြာကြည့်ပါ၊ ကိုယ်နဲ့ ကိုက်ညီရင် ယူပြီး ကျင့်သုံးပါ။ အဲဒီလို မဟုတ်ရင် ဒီတရားကို လက်မခံဖို့ အခွင့်အရေး အပြည့်အဝရှိတယ်။
ဘုရားကျောင်းကန်တွေမှာ ရိုးရာနဲ့ ဘာသာရေး အခမ်းအနားတွေ တွေ့နိုင်ပေမယ့်၊ ဒါတွေဟာ ဝတ်ပြုတာတွေကို အခြေခံတာ မဟုတ်ဘူးလို့ ကျမကို ရှင်းပြတယ်။ “ဝတ်ပြုပွဲ” တွေအဖြစ် ကျမတို့ တွေ့ရတဲ့ အစီအစဉ်တွေဟာ အမှန်တရားကို ဖေါ်ထုတ်သွားတဲ့ လူ တယောက်ကို လေးစား ကျေးဇူးတင်ကြောင်း ပြတာတွေပါပဲ။ ကျမတို့ ကြားနေကြ ဆုတောင်း ရွတ်ဖတ်စာတွေတောင် တကယ်က သတ္တဝါ အားလုံးကို ချွင်းချက်မရှိ အကြင်နာ မေတ္တာ မျှဝေတာတွေပါပဲ။
ဗုဒ္ဓတရားကို ထပ်ပြီး အသေးစိတ် လေ့လာကြည့်ရင် ဘာသာရေး ခေါင်းဆောင်ဆိုတာတောင် တကယ့်တော့ မရှိဘူးဆိုတာ အသေအချာ တွေ့ရမယ်။
Dzongsar Jamyang Khyentse Rinpoche (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ) အမြဲပြောသလို ဒလိုင်းလာမားဟာ တိဘက်လူမျိုးတွေအတွက် လောကီရေးရာ ခေါင်းဆောင်၊ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေအပါ အဝင် လူအများရဲ့ အယူဝါဒဆိုင်ရာ ဦးဆောင်သူ ဆိုတာတောင် သူ့အနေနဲ့ ဗုဒ္ဓဘာသာရဲ့ အာဏာပိုင် မဟုတ်သလို ဘယ်သူက ဗုဒ္ဓဘာသာဝင် အစစ်၊ ဘယ်သူက ဗုဒ္ဓဘာသာဝင် အတုဆိုတာတွေ၊ ဘယ်သူတွေက အပြစ်သားတွေ၊ ဘယ်သူတွေကတော့ အပြစ်သားမဟုတ်ဘူး ဆိုတာတွေပါ ဆုံးဖြတ်နိုင်တဲ့ အာဏာ မရှိပါဘူး။
ဒီတော့ ဗုဒ္ဓဘာသာက ဘာသာ မဟုတ်ရင် ဘာလဲ။
ကျမ အမြင်အရ ဗုဒ္ဓဘာသာဆိုတာ ဘဝနေနည်း၊ လောက အမြင်နဲ့ လောက သဘာဝ ဓမ္မ တွေပါပဲ။
မရှက်တမ်း ဝန်ခံရရင် ဗုဒ္ဓဘာသာကြောင့် ကျမကြီးပြင်းခဲ့တဲ့ ဘာသာအပြင် ကမ္ဘာ့ ဘာသာတရားတွေကို ပိုမြင်တတ်လာတယ်။ ဗုဒ္ဓတရားနဲ့ မတွေ့ခင် “ကျမ်းစာအုပ်” ဆိုတာ ကျမအတွက်တော့ တရုတ်စာ ဖတ်နေရသလို ဖြစ်မိတယ်။
ဘာကြောင့် ဝတ်ပြုရတယ်၊ ဘာသာရေးထုံးတမ်းတွေ ဘာကြောင့် လုပ်ရတယ်၊ ဘာသာရေး ဆရာတွေရဲ့ သင်ကြားချက်တွေကို တကယ်နားမလည်ပဲ ဘာကြောင့် လိုက်နာရတယ် ဆိုတာတွေအတွက် အဖြေရှာမရဘူး။ ဗုဒ္ဓတရားနဲ့ မတွေ့ခင်အထိ ကျမဟာ ဘုရားသခင်အပေါ် ကိုးစားမှီခိုရသူ ဖြစ်ခဲ့တယ်။ ကျမ ခန္ဒာရဲ့ အပြင်မှာ တောက်ရှောက် ရှာလာခဲ့တော့ ကျမကို ကျမ ရှာမတွေ့နိုင်ခဲ့ဘူး။
ဗုဒ္ဓတရားကြောင့် အတွင်းကို ပြန်ကြည့်တတ်လာတယ်။ ဗုဒ္ဓတရားကပဲ ကျမရဲ့ လွတ်လပ်မှုနဲ့ သတိကို သင်ပေးတယ်။ ဗုဒ္ဓတရားကပဲ ကျမကို ကျမ ဆင်ခြင်နိုင်ဖို့၊ တန်ခိုးရှင်ကို အားမကိုးပဲ ကိုယ့်အပြုအမူ၊ အတွေးအကြံနဲ့ ခံစားမှုတိုင်းကို ကိုယ်တိုင် တာဝန်ယူနိုင်ဖို့နည်းလမ်းတွေ ကူညီခဲ့တယ်။
ဗုဒ္ဓတရားကြောင့် ဘုရားသခင်ဆိုတာ ကောင်းကင်ဘုံကနေ ကျမတို့ကို ဆုံးဖြတ် စီရင်မယ့်သူ မဟုတ်တာ သိမြင်လာတယ်။ ကိုယ်နဲ့ ဘုရား နှစ်ခုကွဲ ဘဝကို အဆုံးသတ်နိုင်ခဲ့ပြီး ဘုရားဆိုတာ လူတိုင်း၊ အရာဝတ္ထတိုင်း နေရာတိုင်းမှာ ကိန်းဝပ်တယ် ဆိုတာလည်း ဆင်ခြင် နိုင်ခဲ့တယ်။ ဘုရားဆိုတာ အပြင်မှာ မဟုတ်၊ လက်လှမ်းမမီနိုင်တဲ့ အရာလည်း မဟုတ်၊ ကိုယ်တွင်းမှာ ရှိတဲ့ တရားသာ ဖြစ်ပါတယ်။
ဒါဖြင့် ဘာလို့ ဗုဒ္ဓတရားကို လေ့လာကြည့်ဖို့၊ ဒါမှမဟုတ် ကျင့်ကြံကြည့်ဖို့ လိုသလဲလို့ တွေးမိကြမှာပါပဲ။ ဒါကတော့ တယောက်စီရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်တွေ ပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ကြီးမြတ်တဲ့ နှလုံးသားနဲ့ ဖွင့်ထားတဲ့ စိတ်ကြောင့် အသိ တိုးလာမယ်၊ တွေးတော ကြံဆ လာနိုင်မယ်ဆိုတာ အရံှုးမရှိတဲ့ ကိစ္စလို့လည်း ယုံကြည်တယ်။
ဗုဒ္ဓဘာသာရဲ့ တခြားဘာသာတွေနဲ့ မတူတဲ့ အချက်က ဘာသာဝင်တွေအနေနဲ့ သူ့တရားကိုပဲ ဖက်တွယ်ထားရမယ်လို့ မဆိုထားဘူး။ ဗုဒ္ဓဘာသာဝင် တယောက်အတွက် တပါးသူတယောက်က ဘယ်က လာတယ်၊ ဘာကိုယုံကြည်ပြီး ဘာကို ကိုးကွယ်သလဲ ဆိုတာတွေက အရေးမပါဘူး။ သူတို့ အလေးထားတာက သင့်အနေနဲ့ “အရာတိုင်းဟာ မမြဲဘူး” ဆိုတဲ့ ဓမ္မကို မြင်နိုင်ဖို့ဆိုတာပဲ။ (စကားချပ်၊ ဥပမာ ဦးဂိုအင်ကာရဲ့ ကမ္ဘာ အနံှ့က တရား စခန်းတွေမှာ ဗုဒ္ဓဘာသာဝင်ပဲ လာရမယ်လို့ မရှိဘူး၊ ဗုဒ္ဓဘာသာဝင် ဖြစ်လာဖို့လည်း မတိုက်တွန်းဘူး။ တရားပြသူတွေကလည်း ဘုန်းကြီးတွေ မဟုတ်ဘူး)။
ဗုဒ္ဓတရားကို လေ့လာကြည့်တာ အကျိုးများပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ပန်းတိုင်ကကို ဘာသာကို အကျိုးရှိအောင် မဟုတ်ပဲ ကျင့်ကြံသူကို အကျိုးရှိစေဖို့ ဖြစ်လို့ပါပဲ။ ဗုဒ္ဓတရားရဲ့ အကျိုးတွေကတော့ သဘာဝ ဓမ္မ၊ ဘဝ ရလာပုံနဲ့ မိမိကိုယ်ကို တကယ် နားလည်လာမယ်။
Dzognsar Khyentse (ဘူတန်လူမျိုး ဘာသာရေးဆရာ၊ ဒါရိုက်တာနဲ့ စာရေးဆရာ)
(ဘာသာရေးခွန်) ဘယ်ကို ပေးသင့်တယ်၊ သူခိုးကို ဘယ်လို အပြစ်ပေးရတယ် စတဲ့ လောကီရေးရာ ပြဌာန်းချက်တွေမဟုတ်ဘူး။ ဗုဒ္ဓတရားမှာ မင်္ဂလာ ဘယ်လိုဆောင်ရမယ်ဆိုတဲ့ ထုံးတမ်း သတ်မှတ်ချက်တောင် ရှိတာ မဟုတ်ဘူး”။
ဗုဒ္ဓအနေနဲ့ လူတွေ ကြားချင်တာ ပြောခဲ့တာ မဟုတ်ပါဘူး။ သဘာဝဓမ္မကို မြင်နိုင်အောင် အလင်းဖွင့်ပေးခဲ့ရုံပါပဲ။
သင်လည်း မြင်နိုင်ဖို့ အဆင်သင့် ဖြစ်ပြီလား။
CREDIT TO >>> Nyein Khant (ဘာသာပြန်သူ)
No comments:
Post a Comment