"မမ" ရေ စာမရေးဖြစ်တာလည်းကြာပြီနော်။
ရေးခဲ့တဲ့စာများကလည်း အရည်မပါ အဖတ်မပါ အရူးလွယ်အိပ်ပါပဲ။
ဒါပေမဲ့ ဒီတစ်ကြိမ်တခါတော့ တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းကြားကလျှံကျလာမဲ့ စကားလုံး လေးတွေဆိုတာ ယုံပါ မမရယ်။
စကားလုံးတွေမှာ သံစဉ်မညီညာခဲ့ဘူး ဆိုရင် မမနဲ့ပါတ်သက်ပြီး ဖြစ်တည်လာတဲ့ ရင်တွင်းဖြစ် စကားလုံးလေးတွေမို့ ခွင့်လွှတ်ပါလို့ ပြောပါရစေ မမရယ်။
ယခုတလော မမနဲ့ပါတ်သက်ပြီး တိတ်ဆိတ်နေမိတယ်ဆိုရမှာလား
အထီးကျန်နေတယ် ပြောရမှာလား မသိပါဘူး။
တရက်မှာ မမဆီက စာလေးတစ်စောင်ရောက်လာတယ်။
လမ်းခွဲကြပါစို့ ဆိုတဲ့ နှတ်ဆက်စာလေးပေါ့။
မမရယ်.. မမနဲ့ တွေ့ဆုံ ကြုံခိုက် စတင်ကတည်းက အချိန်တန်ရင် ခွဲခွာခြင်းက ရောက်လာမှာပဲဆိုတာ ကျွန်တော်ကြိုသိထားခဲ့ပါတယ်။
ပြေးရင်းလွှားရင်းနဲ့ဘဝ ဆိုတာတိုတိုလေပဲနော်။
တကယ်တန်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့လည်း နာနာကျင်ကျင် စူးရှရှပါလား မမရယ်။
စိတ်ညစ်စရာတွေကို ဘေးဖယ်ပြီး ပျော်ရွှင်စဖွယ်ဟန်လုပ်ကြည့်ပြီး နေခဲ့ရတာတွေလည်း ကိုယ့်ကို အသိဆုံးပါ။
အပူရုပ်ပေမဲ့ ဟန်လုပ်ကာဖြေနေရတဲ့ ကျွန်တော့ဘဝကို မမ သိမယ် မထင်ပါဘူး။
စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူ
နားလည်သူတဦးဦးကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ချင်ပါတယ်။
နားလည်းပေးနိုင်တဲ့သူ နှစ်သိမ့်ပေးနိုင်တဲ့သူက ကျွန်တော်ဘဝမှာ မမပဲရှိတယ်လေ။
မမ ရယ်... မမ..ပစ်သွင်းလိုက်တဲ့ လမ်းခွဲကြပါစို့တဲ့ နှတ်ဆက်မြှားဟာ တစ်ချောင်းတည်းဆိုပေမဲ့ နက်ရှိုင်းလွန်းလို့ ရင်ထဲကဆွဲထုတ်ရ ခက်လှပါတယ် မမရယ်။
ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းက ကွေကွင်းနောက်ဆုံး ရှိသည် ဆိုသော မြတ်ဗုဒ္ဓရဲ့ဟောကြားခဲ့မှုကို နာယူမှတ်ပွား ပုတီးအားထားနေလည်း မရတော့ပါလား မမရယ်။
လူ့လောကမှာ တွေ့ဆုံကြုံကွဲ ဆိုတာ ဖြစ်ပျက်နေကြ သဘောတရားတွေပါ။
ဒါတွေကို ကျွန်တော်သိ တယ်ပါ ။
ဒါပေမဲ့ မမရယ်.. ကျွန်တော့ ဘဝတလျှောက်မှာ ချစ်ခင်သူတွေနဲ့ ခွဲခွာသွားခဲ့ကြတာ မနည်းပါဘူး။ ပထမဆုံး ကျနော် သိပ်ချစ်တဲ့ အဖေ။
အဖေဟာ ကျနော်တို့မိသားစုကို စောစောစီးစီး ခွဲခွာ သွားခဲ့တယ်။
ဒုတိယ ကျွန်တော့ကို သိတ်ချစ်တဲ့ အမေ။
နောက်...နောက်. ချစ်ချစ်ခင်ခင်ဖြစ်ပါလျှက် ရှင်လျှက်နဲ့..ခွဲခွာခဲ့သူတွေ.. သူတွေ..
ဒါပေမဲ့ ဒီတစ်ကြိမ် ဒီတခါဟာဖြင့် မမနဲ့ ကျွန်တော်။
ဘယ်လိုပြောရမလဲ မမရယ်,.. ကျနော့်ဘဝထဲက ကြုံ တွေ့ခဲ့ရတဲ့ ခွဲခွာခြင်းတွေ များစွာထဲက. အခက်ခဲဆုံးဖြစ်နေရပြီလို့ ပြောရမလား မသိပါဘူး။
ဒီထက် အခက်ခဲဆုံးအရာလည်း ရှိလိမ့်မည် မထင်ပါဘူး မမရယ်..။ ကျွန်တော့အတွက်ပေါ့နော် ။ မမနဲ့ခွဲခွာဘူးခဲ့တဲ့ လူတိုင်း အတွက်လည်း ခက်ခဲလိမ့့်မယ်လို့ထင်ပါတယ်။
တကယ်ပါ မမရယ်.. မျှော်လင့်စောင့်စားနေတဲ့ နေ့ရက်တွေ နီးကပ်လာသည်နှင့်အမျှ ခွဲခွာခြင်းဆိုတဲ့ ဝေါဟာရကို မမြင်ချင်တော့ဘူး .. မတွေးချင်တော့ဘူး။
နှတ်ဆက်ပါတယ်ဆိုတဲ့ အသံလည်း မကြားချင်တော့ဘူးဗျာ။
ဒီလိုပြောလို့ လူတွေက ပိုတယ်လို့ ပြက်ရယ်ပြု ကြပါလိမ့်မယ်။ ပြက်ရည်ပြု ရင် ပြု ကြပါစေ... မမနဲ့ ကျွန်တော် နှစ်ပေါင်းသုံးဆယ်ကျော် လက်တွဲလာခဲ့တဲ့ သံယောဇဉ်ကြိုးကိုမှ သူတို့ နားမလည်တာ.,. မခံစားတတ်တာ... ရှိပါစေ...မမရယ်။ ကျွန်တော်နဲ့ မမ အကြောင်း သူတို့သိအောင် အရင်ပြောပြလိုက်တော့မယ်နော် မမ... ကျွန်တော် တက္ကသိုလ်တက်ဆဲ နောက်ဆုံးနှစ်အရောက် ပညာရေး တဝက်တပျက်ပေါ့။ ကျေးဇူးရှင်အဖေကလည်း ဆုံးပါးပြီးအချိန်။ စီးပွားရေး အဆင်မပြေ ဝေလေလေ ဖြစ်နေချိန်ကာလမှာ မမနဲ့ ဆုံတွေ့ခဲ့ပြီး မမဘဝထဲကို ကျွန်တော် ရောက်ခဲ့တယ်နော်။ ခိုကိုးရာမဲ့ ကျွန်တော့ဘဝကို မမက အလုပ်အကိုင်ပေး နေစရာပေး စားစရာပေးနဲ့ ပျော်လိုက်တာ မမရယ်။ အလုပ်မရှိ အကိုင်မရှိ ကလေကချေဘဝနဲ့ ဦးတည်ရာမဲ့နေချိန်မှာ မမရဲ့ပြု စုမှု ကြောင့် ကျွန်တော့်ဘဝ သာယာစိုပြေလာတယ်။ မမနဲ့ အတူတူစား အတူတူသွားလာခဲ့ လုပ်ခဲ့ ကိုင်ခဲ့ရတဲ့ ရက်လနှစ်တွေဟာ ကျွန်တော်ဘဝအတွက် ပျော်ရွှင်ဖွယ်ရာ ကာလများပါပဲ။ ဘဝအတွက်ဘယ်တော့ မေ့မရတဲ့ ကျောက်တိုင်တွေပါပဲ။ မရောက်ဖူးတဲ့ဒေသတွေရောက်ရသလို မတွေ့မမြင်ဖူးတဲ့ အထိအတွေ့တွေ မကြုံဖူးတဲ့ ဘဝသင်ခန်းစာတွေ သင်ကြားခွင့်ရတာ မိတ်ကောင်းဆွေကောင်းတွေရ ပျော်လိုက် ရွှင်လိုက်ရတာ မမရယ်... မမ ကျေးဇူးက အတိုင်းအဆ မရှိပါပဲ။ ဒီနေရာမှာ မမကိုပြောရဦးမယ်။ မမကျေးဇူးတရားကို နားမလည်း ခြေကန်သွားသူ တချို့တလေကိုတွေ့မြင်ရတော့ စိတ်မကောင်းပါဘူး မမရယ်။ တခါတလေ မဟုတ်တမ်းတရမ်း သဘောတရားတွေနဲ့ မမကို ယိုးစွပ်ပြီး မြင်နေ ကြားနေရတော့ ကျွန်တော့ရင်ထဲ မချိအောင်နာတယ် မမရယ်။ ဒါကတော့ ဆန်ကောင်းထဲမှာ ကြွက်ချေးလေးတွေ အနည်းနှင့်အများ ပါတတ်တာ သဘော သဘာဝပါ မမရယ်။ လက်တောင် အတိုအရှည် မညီညာဘူးလေ။ ကိုယ့်စေတနာ ကိုယ်အကျိုးပေးကြမှာပါ မမရေ ဒီအချိန်ဟာ သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။ ယခုချိန်ဟာ မမ ဘဝက ကြံ့ခိုင်မှု အားနည်းနေပြီ မဟုတ်လား.. ကိုယ်တွင်းရနံ့သင်းတဲ့သူများက မမအနားမှာ အများစုပါ မမရယ်။ သူ့တို့ရဲ့စေတနာမေတ္တာတွေကြောင့် မမ ဘဝ သာယာစိုပြေလာပါလိမ့်မယ်။ ယုံလည်းယုံကြည်ပါတယ်။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ် မမရယ်။ ကဲ မမရယ် စာလည်းရှည်သွားပြီ လွမ်းတမ်းမှုတွေ တထွေးတပိုက်နဲ့ ပြောနေပေမယ့်လည်း ခွဲခွာခြင်းက ရောက်လာခဲ့ပြီ မမရယ်။ အချိန်တွေကို နောက်ကို ပြန်ဆုတ်ချင်လည်း ခွဲခွာခြင်းက ရောက်လာခဲ့ပြီ မမရယ်။
နောင်ပြန် ပြန်ပြီး တွေ့ရမှာပဲဆိုပေမယ့်လည်း ခွဲခွာခြင်းက ရောက်လာခဲ့ပြီလေ။
အခုချိန်မှာ အရာရာကို မေ့ပျောက်ပစ်ချင်လိုက်တာ ။
ဘာပဲ ဖြစ်ဖြစ် လူ့ဘဝရဲ့ နေဝင်ချိန်မှာ အဖိုးအို တစ်ယောက် တုတ်ကောက်လေဆွဲပြီး တုန်ချိ တုန်ချိနဲ့ လမ်းလျှောက်ရနေရတော့မှာပေါ့... အဲဒီ အဖိုးအို တစ်ယောက်ကို မြင်တွေ့ရင် ဟွန်းသံရှည်လေး တချက်ပေးကာ နှတ်ဆက်လာခဲ့ရင်ဖြစ် ဝမ်းသာပီတိ ကျေနပ်အားရှိပါပြီ လို့ ပြောပါရစေ "မမ"ခေါ် မြန်မာ့မီးရထား ရယ်..
(2.9.2018 နေ့ ပင်စင်ခံစားအနားယူခြင်း အမှတ်တရ) တိုဟူး တိုဟူး