*အတုံ့အလှည့်*
တခါတလေ...
ဖုန်းကို ကိုင်ပြီး Contact ထဲမှာ missed call များ
ဝင်ထားလေမလားလို့ ကြည့်နေမိတယ်။
"မရှိ..."
Message လေးများ ပို့ထားမလားလို့ ကြည့်မိပြန်တော့လည်း...
"မရှိ..."
မအားလို့ နေကြမှာပေါ့လေ ဆိုတဲ့
အတွေးနဲ့ အားတဲ့အချိန် ဖုန်းခေါ်လာမယ်ဆိုတဲ့
မျှော်လင့်ချက် သေးသေးလေးကို
ဖက်တွယ်ပြီး စောင့်နေမိတယ်။
ဒါပေမယ့်...
နေ့တွေက တစ်နေ့ပြီးတစ်နေ့ ကုန်သွားတယ်။
Notification အသံလေးတောင် မကြားရဘူး။
"နေကောင်းလား..." ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မရောက်လာဘူး။
အဲ့ဒီအချိန်မှာပဲ စိတ်ထဲ နာကျင်စရာ အတွေးတစ်ခု တိတ်တိတ်လေး ဝင်လာတယ်။
"ငါ့အမေ အသက်ရှိတုန်းကလည်း... ငါ ဒီလိုပဲ နေခဲ့ဖူးတာပဲ မဟုတ်လား..."
အလုပ်တွေရှုပ်တယ်ဆိုပြီး ဖုန်းမခေါ်ဖြစ်ခဲ့တဲ့နေ့တွေ...
"နောက်မှ သွားတွေ့မယ်" ဆိုပြီး ရွှေ့ထားခဲ့တဲ့အချိန်တွေ...
အမေက မျှော်နေခဲ့ပေမယ့် သားတစ်ယောက်ဖြစ်တဲ့ ငါက မတွေးမိခဲ့ဘူး။
အဲ့ဒီတုန်းကတော့ ကိုယ်လုပ်နေတာတွေက အရေးကြီးတယ်လို့ ထင်ခဲ့တယ်။
အချိန်တွေ အများကြီး ကျန်သေးတယ်လို့ ယုံခဲ့တယ်။
ဒါပေမယ့်...
တစ်နေ့မှာ အမေ မရှိတော့တဲ့အခါ ဖုန်းခေါ်ချင်လည်း မရတော့ဘူး။
"အမေ..." လို့ ခေါ်ချင်လည်း "ဘာလဲ သား..." လို့ ပြန်ထူးမယ့် အသံ မရှိတော့ဘူး။
အခုတော့...
သားသမီးတွေက ကိုယ့်ကို အဆက်အသွယ် နည်းလာတဲ့အခါ စိတ်ထဲမှာ
"ဒါ ဝဠ်လည်တာများလား..." လို့ ကိုယ့်ကိုယ်ကို မေးနေမိတယ်။တကယ်တော့...
ဝဠ်လည်တာထက် တစ်ချိန်က ကိုယ်မသိခဲ့တဲ့ မိဘရဲ့
အထီးကျန်မှုကို အခု ကိုယ်တိုင် ပြန်ခံစားနေရတာပါလား။
မိဘဆိုတာ...
ရွှေမလိုချင်ဘူး....။ ငွေမလိုချင်ဘူး....။
စည်းစိမ်မလိုချင်ဘူး...။
လိုချင်တာက...
"နေကောင်းလား..." ဆိုတဲ့ စကားလေးတစ်ခွန်း။
ဖုန်းခေါ်သံလေးတစ်ချက်...။
အချိန်လေး နည်းနည်း....။
ဒါလေးတွေနဲ့တင် နှလုံးသားက ပြည့်စုံနေတာပါ။
အလုပ်တွေက အမြဲရှိနေဦးမယ်...
ဒါပေမယ့် မိဘဆိုတာ စောင့်ရင်း... စောင့်ရင်း...
တစ်နေ့မှာ...
သားသမီးကို စောင့်မနေတော့တဲ့ နေ့ကို ရောက်သွားတတ်တယ်...။
ဒါကြောင့်
"မိဘရှိတုန်း ဖုန်းခေါ်လိုက်ပါ...
နောက်ကျသွားရင် ပြန်ခေါ်စရာ နံပါတ်ရှိတော့မှာ မဟုတ်ဘူး။"
မောင်ဦး-၈.၆.၂၀၂၅

No comments:
Post a Comment