မေတ္တာစစ် ဆိုသည်မှာ…
ဆိုတဲ့ အက်ဆေးလေးတပုဒ်ကို မူရင်း
ရေးသားသူမသိပါဘူး။ ကျွန်တော့်ရင်ထဲထိသွားလို့ ကျွန်တော့ဆိုဒ်ထဲယူလာတာပါ။ဖတ်ကြည့်ပါဦး----- တိုဟူး တိုဟူး
ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း၈နာရီခွဲ အချိန်လောက်မှာအသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက်ဆေးရုံကို ရောက်လာတယ်။
အရင်တစ်ပတ်ကခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာတာပါ။
သူက ဆေးရုံရောက်ရောက် ချင်းဘဲ ကျွန်တော့ကို ပြောတယ်….
“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..အဖိုးကို အမြန်လုပ်ပေးပါ လူလေးရယ် …”
ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်းလိုက်ရင်း
“ အဖိုးခနလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်။
သူ့ဒဏ်ရာက ချုပ်ရိုးကိုဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံးတစ်နာရီကျော်လောက်တော့စောင့်ရလိမ့်မယ်ဆိုတာကျွန်တော် သိတယ်။
ကျွန်တော် က သူ့ရဲ့အလျှင်စလို ဖြစ်နေတဲ့အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆည် အလုပ်သိပ်မများတဲ့ ကျွန်တော် ကပဲကြည့်ပေးဖို့ဆုံးဖြတ်လိုက်တယ်။
အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်။ အနာလဲကျက်နေပြီ ။
ဒါနဲ့ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာတန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်။
ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်ကသူ့ကို စကား စပြောလိုက်တယ်။
“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”
“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့အတွက်လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ။ အဖိုးက မနက်တိုင်းကို သူနဲ့အတူတူမနက်စာ စားနေကြလေ.”
“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား ။နေမကောင်းလို့လားခင်ဗျာ…”
“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာရောက်နေတာပါကွယ်..”
ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့
“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကိုစိတ်ဆိုးမှာလား”..*
“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”
*ကျွန်တော် အတော်လေးအံ့သြသွားတယ်..
“အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်းမနက်တိုင်း မနက်စာအတူ စားဖို့သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”
အဖိုးအိုက ပြုံးလိုက်တယ်။
ပြီးတော့ ကျွန်တော့လက်ကိုအသာအယာဆုပ်ကိုင်လိုက်ပြီးတော့ ပြောတယ်.။
” သူအဖိုးကို မသိတော့တာ မှန်ပါတယ်…. ဒါပေမဲ့
အဖိုးက သူဘယ်သူဆိုတာသိနေသေးတယ်လေ”
အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသလို ဖြစ်သွားတယ်။ အဖိုးအိုရှေ့မှာမျက်ရည် မကျမိအောင် ကျွန်တော်ကြိုးစားပြီး ထိန်းလိုက်ရတယ်။
အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့ကထွက်ခွာသွားခဲ့ပြီ.။ အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်ကနေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိကျန်နေသေးသလို …
ကျွန်တော့်စိတ်ထဲခံစား မိတယ်။
လက်ပေါ်မှာ တင်မကပါဘူး။.ကျွန်တော့်ရင်ထဲ၊
နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ။
အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ရှာဖွေနေတဲ့ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့အချစ်မျိုးပါ။
ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလဲ*အချစ်စစ်*ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်။
ချစ်တယ်ဆိုတာပါးစပ်လေးနဲ့ပြောရတာလွယ်ပေမယ့် ၊
တကယ်ပေါင်းစပ်ဖို့ကျတော့တကယ့်အချစ်စစ်
ဆိုတာလိုတယ်လေ။
မချစ်ဘဲနဲ့တော့အိမ်ထောင်တခုဟာ
သာယာဖို့မလွယ်ဘူးထင်ပါတယ်။
Unknown writter
လမ်းပြ ကြယ်

No comments:
Post a Comment