ဟိုး တချိန် တရံရော အခါက ပေါ့ကွယ်။
မောင်ဘူးတစ်ယောက်ရဲ့အဖြစ်အပျက်ပေါ့။
အရှက်ကွဲခံပြီး ပိုစ့်လည်းတင်ခဲ့ဘူးပါတယ်။
ဒီအကြောင်းလေးကို မနေနိုင်လို့ အခုလည်း အရှက်မရှိ ပြန်ပြောပြရစေ။
မောင်ဘူး ဆိုတဲ့ ကျနော်လူပျိုးသိုးကြီးမှာ လူမှု ဆိုရှယ်ဆိုတဲ့
ဖေ့စ်ဘုတ်ကနေတဆင့် ချစ်သူဖြစ်နေတဲ့ ကောင်မလေး
တစ်ယောက် ရှိခဲ့ဘူးတယ်။
ချစ်သူတွေသာ ဖြစ်နေရတာ၊ တယောက်နဲ့တယောက် အပြင်မှာ
လုံးဝ မမြင်ဘူးကြပါဘူး။
သူကလည်း သူ့ပရိုဖိုင်းပုံမှာ မင်းသမီးအလန်းစားလေးပုံ တင်ထားတယ်။
အမည်- ယွန်းနဒီလှိုင်း
အလုပ်အကိုင်-facebook
နေရပ်-ရန်ကုန် ဒါပါဘဲ
ကျနော်ကလည်း ကျနော့် ပရိုဖိုင်းမှာ ရှုခင်းပုံ တစ်ပုံတင်ထားတယ်။
အမည်- မောင်ဘူး
အလုပ်အကိုင်-အစုံသုတ်
နေရပ်- တောကြို အုံကြား ကောလင်း ဒီလောက်ဘဲ။
တနေ့တော့ သူနဲ့ ကျနော် အပြင်မှာ နှစ်ဦးသားတွေ့ဆုံဘို့ သဘောတူကြတယ်။
သူမနဲ့ အပြင်မှာတွေ့ဆုံဘို့ ချိန်းတာ ချိန်းရတယ်--
ကျနော့်စိတ်ထဲ ခပ်လန့်လန့်ရယ်ပေါ့။
အပြင်မှာတွေ့လို့ သူမက ရုပ်ဆိုးကြီးဖြစ်နေရင် ဘယ်လို လုပ်ရ မလဲလို့တွေးမိတယ်။
ဒါနဲ့ သူငယ်ချင်း စွယ်စုံရ "မ" ကိုးကျမ်းကျေတဲ့ ကိုမဲလုံးကို
အကြံဉာဏ်တောင်းကြည့်တယ်။
သူကပြောတယ်--
"မင်းတို့က ဘယ်မှာ ချိန်းထားတာတုန်း"
"နိုဗိုတယ်က စားသောက်ခန်းမမှာ"
"သူ့ကိုတွေ့လို့ ရုပ်ဆိုးမကြီး ဖြစ်နေရင် ဒီလိုလုပ်"
"ဘယ်လိုလဲ"
"ဗိုက်ကို လက်နဲ့နှိပ်ပြီး ပါးစပ်က အား-- ဗိုက်နာတယ် ဗိုက်နာတယ် လို့ အော်--
အိမ်သာသွားမလိုလို ဘာလိုလိုနဲ့ နောက်ဖေးပေါက်က လစ်ပြီးပြေးပေါ့ကွ"
"ဟား...အဲဒီအကြံ ကောင်းတယ်ဗျာ"
ဒီလိုနဲ့--
ချိန်းထားတဲ့နေရာကို ကျနော် နည်းနည်းနောက်ကျပြီးမှ
သွားလိုက်တယ် ဆိုပါတော့။
စားသောက်ခန်းမရောက်လို့ အထဲလှမ်းကြည့်လိုက်တော့
ချိန်းထားတဲ့ နေရာမှာ ကောင်မလေးတစ်ယောက်
ရောက်နှင့်နေတာကို တွေ့ရတယ်။
ကျနော် မလှမ်းမကမ်းကနေ လှမ်းအကဲခတ်လိုက်တာ--
အား--လား-- လား
ချော ချော ရေး ပါ ရား ကွယ်ရို့။
ကိုယ် လုံး လှ လှ လေး နဲ့ မျက်နာလေးက
ဝတ်မှုံရွှေရည် လေး အလား မှတ်ရတယ်။
ကျနော် အိမ်မက်ထဲက နတ်သမီးလေးပါလား။
နောက်ကျသွားတဲ့ အချိန်တွေ နှမျောမိပါရဲ့။
နာ တော့ ပွ ပြီပေါ့ ဟီ ဟိ.......။
ဒါနဲ့ သူရှိရာကို အသာသွားလို့ သူ့အနားမှာ ရပ်လိုက်တယ်--
ပြီးတော့ ကိုယ့်ကိုကိုယ် မိတ်ဖွဲ့လိုက်တယ်--
"ကိုယ်က မောင်ဘူးပါ-ညီမက မယွန်းနဒီလှိုင်း မဟုတ်လားဟင်"
ကောင်မလေးက--ကျနော့်ကို တချက်မော့ကြည့်လိုက်တယ်။
ကျနော့် ရင်ထဲမှာ ရထားဆယ်စင်း ခုတ်မောင်းနေသလို
ရင်ခုန်လှုပ်ရှားနေမိပါပြီ။
ကျုပ်မျက်နှာကိုလည်း သူ မြင်လေသည်နှင့်
"အား.... ဗိုက်နာတယ် ဗိုက်နာတယ်"... ဆိုပြီး ဗိုက်ကို လက်နဲ့နှိပ်ကာ
နောက်ဖေးပေါက်ကနေ လစ်ထွက်သွားပါလေရောလား ဗျာ--
ကိုးရီးယာကားနှင့် စိတ်ကူးပျော်ရာမှတဆင့် တင်ဆက်လိုက်ပါသည်။


1 comment:
I like that it.
Post a Comment