သတိရမိတယ်...
“ပြုံးလှည့်မျက်ဖန် ငိုဟန်သွယ်၍ ရယ်လေသူ” တဲ့။
သားရဲ့အောင်စာရင်းထွက်တဲ့နေ့မှာပဲ အဲဒီအဓိပ္ပာယ်က
အိမ်ကလေးထဲကို ရောက်လာခဲ့ပါတယ်။
“သား ဂုဏ်ထူးတွေနဲ့အောင်ပြီ!” ဆိုတဲ့ သတင်းကြောင့်
အိမ်လေးတစ်အိမ်လုံး မျက်ရည်တွေကြားမှာ ပြုံးနိုင်ခဲ့ကြတယ်။
အဖေရော အမေပါ ပြုံးနေကြပေမဲ့ မျက်ဝန်းတွေမှာတော့
မျက်ရည်စတွေနဲ့။
နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတွေကို အန်တုရင်း ကြိုးစားခဲ့တဲ့
သားလေးရဲ့အောင်မြင်မှုဟာ အဖေ အမေအတွက်
ဘဝရဲ့ အကြီးမားဆုံး
ဆုလာဘ်ပါပဲ။
ပျော်လွန်းလို့ အဝေးက ဆွေမျိုးတွေဆီ ဖုန်းဆက်လိုက်တာ
ရှိသမျှ ဖုန်းဘေလ်တွေ ကုန်မှပဲ ရပ်ကြတော့တယ်။
ဒါပေမဲ့... အဲဒီပျော်ရွှင်မှုနောက်မှာပဲ စိုးရိမ်စိတ်တွေက
ကပ်ပါလာခဲ့တယ်။
“ဆက်ပြီး
ဘယ်လိုကျောင်းထားပေးရမလဲပေါ့ ...?”
ခဏတာတိတ်ဆိတ်သွားချိန်မှာအဖေရဲ့ခေါင်းထဲမှာ
ငွေစာရင်းတွက်နေမိတယ်။
အမေကလည်း သားရဲ့အနာဂတ်ကို တွေးပူနေမိတယ်။
အိုးအိမ်ယာမဲ့ပင်စင်စားနေ၀င်ဆည်းဆာရှင်ရဲ့ဝင်ငွေက
သိတယ်မဟုတ်လား။
စားဝတ်နေရေးကိုတောင် မနည်းဖြည့်ဆည်းနေရတဲ့ ဘဝမို့ပါ။
ဒါပေမဲ့ သားရဲ့ပညာရေးကိုတော့ ဘယ်သူမှ လက်မလျှော့ချင်ကြဘူး။
သားက ငယ်ငယ်ကတည်းက စက်တွေ၊ ကွန်ပျူတာတွေနဲ့
နည်းပညာကို ရူးသွပ်ပြီး နည်းပညာရှင်ကြီးတစ်ယောက်
ဖြစ်ချင်ခဲ့တာ။
ဒါပေမဲ့ အမေကတော့ “ဆရာဝန်ဖြစ်ရင် လူတွေလည်း
ကယ်နိုင်တယ်၊ ဂုဏ်လည်းရှိတယ်” ဆိုပြီး
ဆေးပညာပဲ တက်စေချင်တယ်။
သားကလည်း မပြောရဲ၊
အမေကလည်း ဆန္ဒမလျှော့။
အဖေကတော့သူတို့နှစ်ယောက်ကြားမှာတိတ်တိတ်လေး
ငြိမ်သက်နေမိတယ်။
အဖေ့စိတ်ထဲမှာတော့
“ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် ကျောင်းဆက်တက်နိုင်ဖို့က
အရေးကြီးတယ်” လို့ တွေးနေတာပါ။
တချို့ညတွေမှာအဖေအိပ်မပျော်ဘဲမျက်နှာကျက်ကိုငေးရင်း
သားအနာဂတ်ကို တွေးနေမိတယ်။
သားရဲ့အိပ်မက်ကိုလည်း မဖျက်ဆီးချင်၊
မိခင်ရဲ့ မျှော်လင့်ချက်ကိုလည်း မရိုက်ချိုးလို။
ဒါပေမဲ့ လက်ထဲမှာ ရှိနေတာက ငွေမဟုတ်ဘဲ
သောကတွေ ဖြစ်နေတယ်။
ဘဝဆိုတာ အိပ်မက်ရှိရုံနဲ့ မလုံလောက်ဘဲ
အဲဒီအိပ်မက်ကို ထောက်ပံ့ပေးမယ့် အင်အားလည်း လိုတာကိုး။
ဒါပေမဲ့ မိဘမေတ္တာကတော့ ဆင်းရဲခြင်းကို
အရှုံးမပေးတတ်ပါဘူး။
အဖေ့ရဲ့ ရင်ထဲက ဆန္ဒကတော့...
“သား... ဘယ်လမ်းကိုပဲ ရွေးချယ်ပါစေ အဖေတို့
မဖြစ်ဖြစ်အောင် ဆက်ထားမယ်"
သားက ကိုယ့်ဝါသနာကို ယုံကြည်ပြီး ဆက်ကြိုးစားရမယ်။
"မင်းရဲ့အောင်မြင်မှုကမိဘနှစ်ယောက်ရဲ့ဘဝကို
အဓိပ္ပာယ်ပြည့်စုံစေလိမ့်မယ်...”
အဖေနဲ့အမေရဲ့ မျက်ရည်ဟာ အားနည်းလို့ မဟုတ်ပါဘူး။
သားရဲ့ အနာဂတ်ကို ချစ်လွန်းလို့ ကျလာတဲ့
မေတ္တာမျက်ရည်တွေပါ။
မောင်ဦး







.jpeg)