ချစ်လွန်းလို့ ကျတဲ့မျက်ရည်



ချစ်လွန်းလို့ ကျတဲ့မျက်ရည်
                               မောင်ဦး
ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုခေါင်းစဉ်လေးတစ်ခုကို 

သတိရမိတယ်...

 “ပြုံးလှည့်မျက်ဖန် ငိုဟန်သွယ်၍ ရယ်လေသူ” တဲ့။

သားရဲ့အောင်စာရင်းထွက်တဲ့နေ့မှာပဲ အဲဒီအဓိပ္ပာယ်က 

အိမ်ကလေးထဲကို ရောက်လာခဲ့ပါတယ်။

​“သား ဂုဏ်ထူးတွေနဲ့အောင်ပြီ!” ဆိုတဲ့ သတင်းကြောင့် 

အိမ်လေးတစ်အိမ်လုံး မျက်ရည်တွေကြားမှာ ပြုံးနိုင်ခဲ့ကြတယ်။

အဖေရော အမေပါ ပြုံးနေကြပေမဲ့ မျက်ဝန်းတွေမှာတော့ 

မျက်ရည်စတွေနဲ့။

နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတွေကို အန်တုရင်း ကြိုးစားခဲ့တဲ့ 

သားလေးရဲ့အောင်မြင်မှုဟာ အဖေ အမေအတွက် 

ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။

 ပျော်လွန်းလို့ အဝေးက ဆွေမျိုးတွေဆီ ဖုန်းဆက်လိုက်တာ 

ရှိသမျှ ဖုန်းဘေလ်တွေ ကုန်မှပဲ ရပ်ကြတော့တယ်။

​ဒါပေမဲ့... အဲဒီပျော်ရွှင်မှုနောက်မှာပဲ စိုးရိမ်စိတ်တွေက

 ကပ်ပါလာခဲ့တယ်။

ဆက်ပြီး ဘယ်လိုကျောင်းထားပေးရမလဲပေါ့ ...?”

​ခဏတာတိတ်ဆိတ်သွားချိန်မှာအဖေရဲ့ခေါင်းထဲမှာ 

ငွေစာရင်းတွက်နေမိတယ်။

 အမေကလည်း သားရဲ့အနာဂတ်ကို တွေးပူနေမိတယ်။

အိုးအိမ်ယာမဲ့ပင်စင်စားနေ၀င်ဆည်းဆာရှင်ရဲ့ဝင်ငွေက 

သိတယ်မဟုတ်လား။

 စားဝတ်နေရေးကိုတောင် မနည်းဖြည့်ဆည်းနေရတဲ့ ဘဝမို့ပါ။

 ဒါပေမဲ့ သားရဲ့ပညာရေးကိုတော့ ဘယ်သူမှ လက်မလျှော့ချင်ကြဘူး။

​သားက ငယ်ငယ်ကတည်းက စက်တွေ၊ ကွန်ပျူတာတွေနဲ့ 

နည်းပညာကို ရူးသွပ်ပြီး နည်းပညာရှင်ကြီးတစ်ယောက် 

ဖြစ်ချင်ခဲ့တာ။

 ဒါပေမဲ့ အမေကတော့ “ဆရာဝန်ဖြစ်ရင် လူတွေလည်း 

ကယ်နိုင်တယ်၊ ဂုဏ်လည်းရှိတယ်” ဆိုပြီး 

ဆေးပညာပဲ တက်စေချင်တယ်။

သားကလည်း မပြောရဲ၊

အမေကလည်း ဆန္ဒမလျှော့။

အဖေကတော့သူတို့နှစ်ယောက်ကြားမှာတိတ်တိတ်လေး 

ငြိမ်သက်နေမိတယ်။

အဖေ့စိတ်ထဲမှာတော့ 

“ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် ကျောင်းဆက်တက်နိုင်ဖို့က

 အရေးကြီးတယ်” လို့ တွေးနေတာပါ။

​တချို့ညတွေမှာအဖေအိပ်မပျော်ဘဲမျက်နှာကျက်ကိုငေးရင်း

သားအနာဂတ်ကို တွေးနေမိတယ်။

သားရဲ့အိပ်မက်ကိုလည်း မဖျက်ဆီးချင်၊ 

မိခင်ရဲ့ မျှော်လင့်ချက်ကိုလည်း မရိုက်ချိုးလို။

 ဒါပေမဲ့ လက်ထဲမှာ ရှိနေတာက ငွေမဟုတ်ဘဲ

 သောကတွေ ဖြစ်နေတယ်။

​ဘဝဆိုတာ အိပ်မက်ရှိရုံနဲ့ မလုံလောက်ဘဲ 

အဲဒီအိပ်မက်ကို ထောက်ပံ့ပေးမယ့် အင်အားလည်း လိုတာကိုး။

ဒါပေမဲ့ မိဘမေတ္တာကတော့ ဆင်းရဲခြင်းကို 

အရှုံးမပေးတတ်ပါဘူး။

 

​အဖေ့ရဲ့ ရင်ထဲက ဆန္ဒကတော့...

 

သား... ဘယ်လမ်းကိုပဲ ရွေးချယ်ပါစေ အဖေတို့ 

မဖြစ်ဖြစ်အောင် ဆက်ထားမယ်"

 သားက ကိုယ့်ဝါသနာကို ယုံကြည်ပြီး ဆက်ကြိုးစားရမယ်။

 "မင်းရဲ့အောင်မြင်မှုကမိဘနှစ်ယောက်ရဲ့ဘဝကို 

အဓိပ္ပာယ်ပြည့်စုံစေလိမ့်မယ်...”

 ​အဖေနဲ့အမေရဲ့ မျက်ရည်ဟာ အားနည်းလို့ မဟုတ်ပါဘူး။

သားရဲ့ အနာဂတ်ကို ချစ်လွန်းလို့ ကျလာတဲ့ 

မေတ္တာမျက်ရည်တွေပါ။

                                မောင်ဦး



ရေခဲမှတ်အောက်က သံယောဇဉ်.

 


        ရေခဲမှတ်အောက်က သံယောဇဉ်

                             မောင်ဦး(kawlin)

                                                

သံယောဇဉ်.....သံယောဇဉ်.....

 ချစ်သူနှစ်ဦးကြားက သံယောဇဉ်

မိဘနှင့်သားသမီးကြားက သံယောဇဉ်                        

မွေးရပ်မြေနှင့် သံ‌ေယာဇဉ်

သူငယ်ကြားက သံယောဇဉ် ....

ထို..သံယောဇဉ်တွေက

အချိန်ကြာလာတာနဲ့အမျှ ပိုနွေးလာမယ်ထင်ခဲ့တယ်။

တကယ်တမ်းမှာတော့…တချို့ သံယောဇဉ်တွေက

 မမြင်ရတဲ့ ရေခဲအလွှာတစ်ခုအောက်မှာ တဖြည်းဖြည်း 

အေးခဲသွားတတ်ကြတယ်။

မိသားစုဝမ်းရေးဆိုတဲ့ စကားလုံးက

အဖေ့ကို မွေးရပ်မြေကနေ ခွဲထုတ်သွားခဲ့တယ်။

သားသမီးတွေ ပညာတတ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကလည်း

ညီအစ်ကိုတွေကို တမြို့တနယ်စီ ဝေးကွာသွားစေခဲ့တယ်။

တချိန်က

အိပ်ယာပေါ်မှာ ခေါင်းချင်းဆိုင်ပြီး ရယ်မောခဲ့ဖူးတဲ့

 ညီအစ်ကိုတွေဟာ…

အခုတော့ တစ်ယောက်တစ်မြို့စီမှာ ကိုယ့်ဘဝ

ကိုယ် ထမ်းပြီး ရှင်သန်နေကြရတယ်။

ဒီလိုနဲ့ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားခဲ့တယ်။

ဒီနှစ်တော့ အိမ်ပြန်ဆုံကြရအောင်…”ဆိုတဲ့

အမေရဲ့အသံက ဖုန်းလိုင်းတစ်ဖက်ကနေ

 နွေးနွေးထွေးထွေး ရောက်လာခဲ့တယ်။

အလုပ်က ခွင့်ယူရခက်တဲ့သူက ခွင့်ယူခဲ့တယ်။

စာမေးပွဲနီးနေတဲ့သူက အချိန်ညှိခဲ့တယ်။

ခရီးဝေးသူက ညကားစီးပြီး ပြန်လာခဲ့တယ်။

အဲဒီနေ့အတွက် အမေက မနက်အစောကြီးကတည်းက

 ဈေးသွားတယ်။

သားတွေကြိုက်တဲ့ ဟင်းတွေ…ငယ်ငယ်တုန်းက 

လုစားခဲ့ဖူးတဲ့ ဟင်းခွက်တွေ…

တစ်ယောက်ကြိုက်တာတစ်မျိုးစီကို မှတ်မိနေသေးတဲ့ 

အမေက အိုးတွေ တလုံးပြီးတလုံး မီးဖိုပေါ်တင်ရင်း 

တိတ်တိတ်လေး ပြုံးနေခဲ့တယ်။

 

ဒီနေ့တော့ အိမ်မှာ စည်စည်ကားကား ဖြစ်တော့မယ်…” ပေါ့။

 

အဖေကလည်း ထမင်းဝိုင်းအတွက် စားပွဲကုလားထိုင်တွေ 

ပြန်စီရင်းပီတိတွေ ဖြစ်နေခဲ့တယ်။

 

နှစ်ပေါင်းများစွာ မမြင်ရတဲ့ မြင်ကွင်းတစ်ခု…

မိသားစုထမင်းဝိုင်း စုံစုံညီညီ။

ဒါပေမယ့်…

တကယ်တမ်း ထမင်းစားကြတဲ့အချိန်မှာတော့

အမေ မျှော်လင့်ထားတဲ့ ရယ်သံတွေ မကြားရဘူး။

အဖေ မြင်တွေ့ချင်တဲ့ မြင်ကွင်း‌ကပေါ် မလာဘူး။

ဟေ့ကောင်… မင်းမှတ်မိသေးလား…”ဆိုတဲ့ စကားတွေ မရှိဘူး။

ငယ်ငယ်တုန်းကလို ဟင်းလုစားတာတွေ မရှိဘူး။

တစ်ယောက်နဲ့တစ်ယောက် အပြုံးပါးပါးလောက်ပဲ ဖလှယ်ကြပြီး

ခေါင်းငုံ့ကာ ထမင်းစားနေကြတယ်။

ထမင်းဝိုင်းထဲမှာ ဇွန်းနဲ့ပန်းကန် ထိခတ်သံကလွဲပြီး

ဘာသံမှ မကြားရတော့ဘူး။

ထမင်းစားပြီးတဲ့နောက်…သားတစ်ယောက်က

TV သွားဖွင့်ကြည့်‌နေတယ်။

တစ်ယောက်က စာအုပ်ယူဖတ်နေတယ်။

တစ်ယောက်က ဖုန်းကိုပဲ ငုံ့ပွတ်နေတယ်။

အဖေက သားတွေမျက်နှာကို တစ်ယောက်ပြီးတစ်ယောက်

 ကြည့်ပြီး ငိုင်နေတယ်။

အမေကတော့ ထမင်းဝိုင်းသိမ်းဆည်းရင်းတစ်ခုခုကို 

နားလည်သွားသလို တိတ်ဆိတ်သွားတယ်။

အိမ်တစ်အိမ်တည်းမှာ ရှိနေကြပေမယ့် 

တစ်ယောက်နဲ့တစ်ယောက် မရောက်ကြတော့တဲ့ 

ကမ္ဘာတွေထဲမှာ အသီးသီး ရှင်သန်နေကြသလိုပဲ။

တကယ်တော့...ညီအစ်ကိုတွေ

အဝေးကြီး ခွဲခွာခဲ့တာက လူချင်းအကွာအဝေးပဲ မဟုတ်ဘူး။

နှလုံးသားချင်း အကွာအဝေးတွေလည်း ဖြစ်နေခဲ့တာပါ။

တချို့သံယောဇဉ်တွေက မပျက်သွားကြဘူး…

 

ဒါပေမယ့် ..အချိန်ဆိုတဲ့ အအေးဒဏ်အောက်မှာ 

တဖြည်းဖြည်း အေးခဲသွားတတ်ကြတယ်။

အဲဒီညက မိသားစုဝင်အားလုံး စုံစုံညီညီရှိနေခဲ့ကြပေမယ့်…

နွေးထွေးမှုတချို့ကတော့ ရေခဲမှတ်အောက်ကို

 ရောက်နေခဲ့သည်ကို သိလိုက်ရတဲ့ အဖေနဲ့အမေမှာ..........။ 

      

        (28-10-2016 မိသားစုံညီအမှတ်တရ ​ရေးခဲ့သည်မှ)     

                        မောင်ဦး(kawlin) 

 

 

စာရွက်ဖြူတစ်ရွက်

စာရွက်ဖြူတစ်ရွက်

                       မောင်ဦး(To Hou)

စိတ်တွေ တင်းကြပ်လာတဲ့အခါ…

ဖြေသိမ့်စရာက စာရွက်ပေါ်မှာ ရေးခြစ်မိတယ်။

ပြောပြစရာ လူမရှိတဲ့အခါ စာလုံးတွေက

နားထောင်ပေးတယ်။

မျက်ရည်မကျချင်တဲ့အခါ မှင်စက်တွေက

 ကိုယ်စားကျပေးတယ်။

 နာကျင်မှုတွေကို စကားလုံးတွေအဖြစ်

ချရေးလိုက်တိုင်း နာကျင်မှုက

မပျောက်သေးရင်တောင် ရင်ထဲက

အလေးချိန်တော့ နည်းနည်းလျော့သွားတယ်။

တချို့လူတွေက ငိုပြီး ဖြေသိမ့်ကြတယ်။

တချို့လူတွေက တိတ်တိတ်လေး ပြုံးပြီး ဖြေသိမ့်ကြတယ်။ 

ကျွန်တော်ကတော့… စာရွက်ဖြူတစ်ရွက်ပေါ်မှာ

 ကိုယ့်စိတ်ကိုယ် ရေးခြစ်ရင်း ကိုယ့်ကိုယ်ကို

ပြန်ဖြေသိမ့်နေမိတယ်။

တစ်ခါတလေ… အကောင်းဆုံး နားလည်ပေးနိုင်တာက

 လူတစ်ယောက် မဟုတ်ဘူး။ 

အသံမထွက်တဲ့ စာရွက်ဖြူတစ်ရွက်ပဲ....။

                                        maungkawlin


ဖိနစ်လို စိတ်

ဖိနစ်ငှက်

ဆုံးရှုံးမှုများနေတဲ့အခါ ဖိနစ်ငှက်လိုစိတ်ထားပါ.. 

“ဖီနစ်ငှက်လိုစိတ်” ဆိုတာ

ဘယ်လောက်ပဲ နာကျင်ပြီး

 ပြိုလဲသွားပါစေ

အရှုံးမပေးဘဲ

ပြန်ထနိုင်တဲ့ စိတ်ဓာတ်ကို 

ဆိုလိုတာပါ။

လူတချို့ဟာ

အပြင်ပန်းမှာ ပြုံးနေပေမယ့်

နှလုံးသားထဲမှာတော့

မီးလောင်ပြာကျနေသလို 

ဝေဒနာတွေ ပြည့်နေတတ်တယ်။

ဒါပေမယ့်

ဖီနစ်ငှက်လိုစိတ်ရှိသူတွေက

မျက်ရည်တွေကို 

အားအဖြစ် ပြောင်းပြီး

နာကျင်မှုတွေကြားကနေ

ပြန်လည်ရှင်သန်ဖို့ ကြိုးစားတတ်ကြတယ်။

“လဲကျတာ အရှုံးမဟုတ်ဘူး…

ပြန်မထတော့မှ အရှုံးဖြစ်တာ…”

ဒါကြောင့်

ဖီနစ်ငှက်လိုစိတ်ရှိပါစေ။

မီးလောင်တဲ့ဘဝထဲကနေတောင်

အလင်းရောင်ကို ရှာနိုင်တဲ့

သန်မာတဲ့ နှလုံးသားတစ်စုံ ဖြစ်ပါစေ…။
              
                                 မောင်ဦး
Blogger-
http://maungkaw.blogspot.com

ဆည်းဆာဘ၀တန်ဖိုး

 

                                                   

ငယ်ရွယ်စဉ်

ဒေါသကို မီးတောက်လုပ်ပြီး

လောဘကို လမ်းပြလုပ်ကာ

မောဟကို မိတ်ဆွေ အဖြစ်

ဘဝကို အရှိန်ပြင်းပြင်း မောင်းခဲ့တယ်။

အိမ်တွေကို အိပ်မက်လို ဆောက်

ကားတွေကို ဂုဏ်ယူလို့ စီး

စိန်ရွှေ ရတနာတွေကို

အောင်မြင်မှုရဲ့ အလေးချိန်လို့ ထင်ခဲ့မိတယ်။

သားသမီးတွေတောင်

ကိုယ့်အရိပ်အောက်မှာ

မေတ္တာမပြည့်တဲ့ ရယ်သံတွေနဲ့ ကြီးလာခဲ့ရတယ်။

အသက်ရလာတဲ့အခါ

စစ်ဘေးဒဏ်က

တံခါးမခေါက်ဘဲ ဝင်လာတယ်။

နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှ

တစ်ခဏအတွင်း

ပြာမှုန့်လို လေထဲ ပျောက်သွားကြတယ်။

ဒီအချိန် သိလိုက်ရတာက—

ကိုယ်ပိုင်တယ် ထင်ခဲ့တာတွေဟာ

ကိုယ့်ကို ချည်ထားတဲ့ ကြိုးတွေဖြစ်ခဲ့တယ်ဆိုတာကိုပဲ။

ဆုံးရှုံးမှ

ရင်ထဲက အလေးချိန် လျော့သွားတယ်။

အခုတော့

ပစ္စည်းရှာဖို့ စိတ်ကုန်ရပြီ။

ခွန်အားတွေ သုံးဖို့ရပ်ရပြီ။

လက်ဗလာပေမဲ့

နှလုံးသားက လွတ်လပ်လာပြီ။

နေရောင်ခြည် တစ်စက်

လေညင်းသံ‌တစ်ချက်

သားသမီးရဲ့ ခေါ်သံလေးတစ်ခါ—

အဲ့ဒီတွေက

ကိုယ့်ရဲ့ နောက်ဆုံး စည်းစိမ်တွေ။

ကျန်ရှိတဲ့ ရှင်သန်ချိန်ကို

အမြန် မမောင်းတော့ဘူး။

လောကကို

စိတ် ပျော်ရွှင်စွာ

သက်တောင့် သက်သာ

အေးအေး ဆေးဆေး ဖြတ်သန်း သွားရမယ်။

စိတ်ပုတီးကြီးနဲ့ ရိပ်ကြီးခို တာထက်

ကိုယ်ချင်းစာ တရားများများ မွေးရမယ်။

လိုချင်တာထက် ပေးကမ်းချင်တာပဲ လုပ်ရမယ်။

အဲဒါ ဘာကြောင့်လဲ

ရှင်သန်ချိန်မှာ ဆည်းဆာ ဘဝရဲ့တန်ဖိုးတက်ချင်လို့ပေါ့။

                                                        မောင်ဦး              

*အတုံ့အလှည့်*

 





 *အတုံ့အလှည့်*

တခါတလေ...

ဖုန်းကို ကိုင်ပြီး Contact ထဲမှာ missed call များ 

ဝင်ထားလေမလားလို့ ကြည့်နေမိတယ်။

"မရှိ..."

Message လေးများ ပို့ထားမလားလို့ ကြည့်မိပြန်တော့လည်း...

"မရှိ..."

မအားလို့ နေကြမှာပေါ့လေ ဆိုတဲ့ 

အတွေးနဲ့ အားတဲ့အချိန် ဖုန်းခေါ်လာမယ်ဆိုတဲ့ 

မျှော်လင့်ချက် သေးသေးလေးကို

 ဖက်တွယ်ပြီး စောင့်နေမိတယ်။

ဒါပေမယ့်...

နေ့တွေက တစ်နေ့ပြီးတစ်နေ့ ကုန်သွားတယ်။

Notification အသံလေးတောင် မကြားရဘူး။

"နေကောင်းလား..." ဆိုတဲ့ စကားလေးတစ်ခွန်းတောင် မရောက်လာဘူး။

အဲ့ဒီအချိန်မှာပဲ စိတ်ထဲ နာကျင်စရာ အတွေးတစ်ခု တိတ်တိတ်လေး ဝင်လာတယ်။

"ငါ့အမေ အသက်ရှိတုန်းကလည်း... ငါ ဒီလိုပဲ နေခဲ့ဖူးတာပဲ မဟုတ်လား..."

အလုပ်တွေရှုပ်တယ်ဆိုပြီး ဖုန်းမခေါ်ဖြစ်ခဲ့တဲ့နေ့တွေ... 

"နောက်မှ သွားတွေ့မယ်" ဆိုပြီး ရွှေ့ထားခဲ့တဲ့အချိန်တွေ...

အမေက မျှော်နေခဲ့ပေမယ့် သားတစ်ယောက်ဖြစ်တဲ့ ငါက မတွေးမိခဲ့ဘူး။

အဲ့ဒီတုန်းကတော့ ကိုယ်လုပ်နေတာတွေက အရေးကြီးတယ်လို့ ထင်ခဲ့တယ်။ 

အချိန်တွေ အများကြီး ကျန်သေးတယ်လို့ ယုံခဲ့တယ်။

ဒါပေမယ့်...

တစ်နေ့မှာ အမေ မရှိတော့တဲ့အခါ ဖုန်းခေါ်ချင်လည်း မရတော့ဘူး။

"အမေ..." လို့ ခေါ်ချင်လည်း "ဘာလဲ သား..." လို့ ပြန်ထူးမယ့် အသံ မရှိတော့ဘူး။

အခုတော့...

သားသမီးတွေက ကိုယ့်ကို အဆက်အသွယ် နည်းလာတဲ့အခါ စိတ်ထဲမှာ

"ဒါ ဝဠ်လည်တာများလား..." လို့ ကိုယ့်ကိုယ်ကို မေးနေမိတယ်။တကယ်တော့...

ဝဠ်လည်တာထက် တစ်ချိန်က ကိုယ်မသိခဲ့တဲ့ မိဘရဲ့

အထီးကျန်မှုကို အခု ကိုယ်တိုင် ပြန်ခံစားနေရတာပါလား။

မိဘဆိုတာ...

ရွှေမလိုချင်ဘူး....။ ငွေမလိုချင်ဘူး....။

စည်းစိမ်မလိုချင်ဘူး...။

လိုချင်တာက...

"နေကောင်းလား..." ဆိုတဲ့ စကားလေးတစ်ခွန်း။

ဖုန်းခေါ်သံလေးတစ်ချက်...။

အချိန်လေး နည်းနည်း....။

ဒါလေးတွေနဲ့တင် နှလုံးသားက ပြည့်စုံနေတာပါ။

အလုပ်တွေက အမြဲရှိနေဦးမယ်...

ဒါပေမယ့် မိဘဆိုတာ စောင့်ရင်း... စောင့်ရင်း...

တစ်နေ့မှာ...

သားသမီးကို စောင့်မနေတော့တဲ့ နေ့ကို ရောက်သွားတတ်တယ်...။


ဒါကြောင့်

"မိဘရှိတုန်း ဖုန်းခေါ်လိုက်ပါ... 

နောက်ကျသွားရင် ပြန်ခေါ်စရာ နံပါတ်ရှိတော့မှာ မဟုတ်ဘူး။"

                                     မောင်ဦး-၈.၆.၂၀၂၅



အတ္တသမား

အတ္တသမားလား .... နွားလား...
                               (မောင်ဦး)

လူဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက 

ခရီးကို "ဘဝ" လို့ ခေါ်ကြတယ်။

ဒီနေ့တော့ ဘာရယ်မဟုတ်ပါဘူး။ 

ကိုယ့်ဘဝကို ကိုယ်ပြန်တွေးမိရင်း

 ရင်ထဲပေါ်လာတာလေး ရေးမိတာပါ။

ဒီနေ့ မွေးရပ်မြေက ဆွေမျိုးတချို့ 

အလည်ရောက်လာကြတယ်။ 

အိမ်ရောက်ရောက်ချင်းပဲ ကျွန်တော့်ကို 

ပြောလိုက်တဲ့ စကားတစ်ခွန်းက ရင်ထဲကို 

တိုက်ရိုက်ဝင်လာတယ်။

"သားယောကျ်ားတွေက အတ္တသမား... နွားတွေပါဟယ်"  တဲ့။

ဟာသလိုလို၊ အပြစ်တင်သလိုလို ပြောလိုက်တဲ့

 စကားက ကျွန်တော့်ရင်ထဲမှာ အောင့်သက်သက်

 ဖြစ်သွားစေတယ်။

သူတို့ရောက်လာလို့ ဝမ်းသာရသလို၊ 

ဝမ်းနည်းရတာလည်း ရှိတယ်။ မတွေ့မမြင်ရတာ 

ဆယ်စုနှစ်ချီ ကြာခဲ့ပြီဆိုတော့ အတိတ်က

 အရိပ်တွေ ပြန်ပေါ်လာတယ်။

ထိုက်သင့်တဲ့ ပြုစုစောင့်ရှောက်မှု မရဘဲ 

ဆုံးပါးသွားခဲ့တဲ့ မိဘတွေကို သတိရမိတယ်။

မိဘရှိစဉ်က ရွာမပြန်နိုင်ခဲ့တဲ့ နေ့ရက်တွေကို 

နောင်တရမိတယ်။

ငယ်ဘဝမှာ သင်ပေးခဲ့တဲ့ ဆရာတွေကို 

နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘဲ 

ဆုံးရှုံးခဲ့ရတာကို တွေးမိတယ်။

အချိန်တွေဟာ လူကို မစောင့်ဘူးဆိုတာ

 သိပေမယ့် တစ်ခါတလေတော့ ရင်နာမိဆဲပါပဲ။

ရွာပြန်ရင် ဘယ်လောက်ပဲ ကျွေးမွေးချင်ချင်၊

 ဘယ်လောက်ပဲ ပြန်လည်ပေးဆပ်ချင်ချင် 

အစားထိုးမရနိုင်တော့တဲ့ မိဘနှစ်ပါး မရှိတော့ဘူး

ဆိုတဲ့ အသိက ရင်ထဲမှာ နင့်နေတုန်းပဲ။

ဆွေမျိုးတွေက ကျွန်တော့်ကို အတ္တသမားလို့ 

ပြောကြတယ်။

မလွန်ပါဘူး။

ရွာက ထွက်လာပြီးတဲ့နောက် ရွာကို 

တစ်ခေါက်တောင် မပြန်ဖြစ်ခဲ့ဘူး။

အခွင့်အရေး မရှိလို့ မဟုတ်ဘူး။

ပြန်ဖို့ မကြိုးစားခဲ့လို့ပါ။

ဒီအချက်ကိုတော့ ရှက်ရှက်နဲ့ ဝန်ခံရမှာပဲ။

ဒါပေမယ့် ဘဝဆိုတာ ကိုယ့်တစ်ယောက်တည်းအတွက် 

ရှင်သန်နေရတာ မဟုတ်ဘူး။

အိမ်ထောင်ကျပြီးတဲ့နောက် ဇနီးနဲ့ သားသမီးတွေဟာ 

ကိုယ့်ဘဝရဲ့ ဗဟိုဖြစ်လာတယ်။

သား‌ေတွကို လူလားမြောက်အောင်

 ပြုစုပျိုးထောင်ဖို့၊ ပညာတတ်အောင် 

သင်ပေးဖို့၊ ဘဝလမ်းကြောင်း ကောင်းကောင်းပေါ် 

ရောက်စေဖို့ အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။

ဒုက္ခမျိုးစုံကိုလည်း ဖြတ်သန်းခဲ့ရတယ်။

ဒီနေ့...အသီးအပွင့်တွေ‌ေပြီ။

ဒီအသီးအပွင့်တွေက ကျွန်တော့်ဘဝရဲ့ ဂုဏ်ယူစရာတွေပါ။

ဒါပေမယ့် အဲဒီအသီးအပွင့်တွေ ရဖို့ ကြိုးစားရင်း
 
မိဘတွေကို ပြုစုဖို့ လစ်ဟာခဲ့မိတယ်။

မောင်နှမတွေကို မေ့ခဲ့မိတယ်။

ဆွေမျိုးတွေကို သတိမရ။

ပြန်ကြည့်လိုက်တော့ ဘဝရဲ့ တစ်စိတ် 

တစ်ပိုင်းဟာ  လွတ်ကျန်နေခဲ့ပြီ။

ဒါကြောင့် ကျွန်တော့်ကို အတ္တသမားလို့ ခေါ်ရင်လည်း 

ငြင်းစရာ မရှိပါဘူး။

ဒါပေမယ့်...

အတ္တသမားဆိုတာ ကိုယ့်အကျိုးတစ်ခုတည်း

 ကြည့်တဲ့သူကို ခေါ်တာဆိုရင် ကျွန်တော် 

ဘယ်လောက်အထိ အတ္တကြီးခဲ့သလဲလို့ 

ပြန်မေးချင်မိတယ်။

တစ်သက်လုံး ကိုယ်နဲ့ သွေးမတော်၊ သားမစပ်တဲ့

 မိန်းမတစ်ယောက်ကို "ဇနီး" ဆိုပြီး လုပ်ကျွေးခဲ့တယ်။

နောင်တစ်ချိန်မှာ ကိုယ့်သားရဲ့ ဇနီးဖြစ်လာမယ့်

 သူစိမ်းမိန်းကလေးတစ်ယောက် ကောင်းကောင်းမွန်မွန်

 နေထိုင်နိုင်ဖို့ ကိုယ့်သားတွေကို ပညာတတ်အောင်

 ပြုစုပျိုးထောင်ခဲ့တယ်။

ဒီလိုလုပ်နေတာ အတ္တလား...

ဒါမှမဟုတ် တာဝန်လား...

ကျွန်တော်တော့ မသိဘူး။

ဒါပေမယ့် ကျွန်တော့်လို မိဘတွေအတွက်

 သားယောကျ်ားတွေဟာ သားတွေဖြစ်သလို...

ယောက္ခမတွေအတွက်တော့ "နွား" တွေလည်း

 ဖြစ်ကောင်းဖြစ်မယ်။

အဲဒီလိုဆိုရင်...

ကျွန်တော့်မိဘတွေကလည်း "နွား" တစ်ကောင်

 မွေးခဲ့ဖူးတယ်လို့ ဆိုရမလား။

တစ်နေ့ ရွာပြန်ဖြစ်ခဲ့ရင်...

အမေ့သင်္ချိုင်းရှေ့မှာ ရပ်ပြီး

"အမေ...

အမေမွေးခဲ့တဲ့ နွားတစ်ကောင် ပြန်လာပါတယ်"

လို့ အော် ငိုယိုမှတပါး အခြားမရှိ......။
                                    မောင်ဦး  ( တိုဟူး)

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...