မမျှတခဲ့ သော အချစ်ရဲ့ နောင်တ
(မောင်ဦး)
"နောင်တ" ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့
အချိန်မှာသာ ရောက်လာတတ်တဲ့ ေ၀ဒနာတမျိုးပါ.....
တစ်ချိန်က...
အချစ်နှစ်ခုကြားမှာ ကျွန်တော် ဗျာများခဲ့ဖူးတယ်။
အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ...
အဲဒီနေ့ကို ပြန်တွေးမိတိုင်း ရင်ထဲမှာ နောင်တတစ်ခု အမြဲပြန်နိုးလာတတ်
တယ်။
တစ်ရက်... ကျွန်တော်တို့မြို့ကနေ ခရီးတစ်ခု ထွက်ခဲ့တယ်။
သွားရမယ့်လမ်းက နှစ်လမ်းခွဲ။
တစ်လမ်းက...
စိုးစံဘော်ဒါမှာ စာသင်ကြားနေတဲ့ သားရှိရာ မေမြို့။
နောက်တစ်လမ်းက...
အိုမင်းမစွမ်းဖြစ်နေတဲ့ ကျွန်တော့်မွေးမိခင်ကြီး ရှိရာ တောရွာသို့။
ဘယ်သူ့ဆီကို အရင်သွားရမလဲ... ဆုံးဖြတ်ရခက်ခဲခဲ့တယ်။
တစ်ဖက်က ကိုယ်မွေးထားတဲ့ သား၊
တစ်ဖက်က ကိုယ့်ကိုမွေးပေးတဲ့ အမေ။
နောက်ဆုံးတော့... လောကသဘာဝ စုန်ရေအရှိန်အတိုင်း
သားရှိရာကိုပဲ အရင်သွားခဲ့မိတယ်။
လမ်းမှာ...
သားကြိုက်တဲ့ မုန့်တွေ့ရင် ဝယ်တယ်။
သားကြိုက်တဲ့ အသီးတွေ့ရင် ဝယ်တယ်။
သားကြိုက်တဲ့ အဝတ်အစားတွေ့ရင်လည်း ဝယ်တယ်။
ကားရပ်နားတဲ့ ဂိတ်တိုင်းမှာ ဝယ်ယူမိလို့ ကားပေါ်မှာ
ပစ္စည်းတွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားခဲ့တယ်။
ကျွန်တော့်ရင်ထဲမှာတော့... "သားနဲ့တွေ့ရင် ဘယ်ကိုသွားမယ်...
ဘာတွေ စားမယ်.. ဘယ်လိုပျော်မယ်...." ဆိုတဲ့
အတွေးတွေနဲ့တင် ကြည်နူးနေခဲ့တာ။
သားရဲ့Out pass နှစ်ရက်တစ်ညတာကို ပျော်ပျော်ကြီး
နေထိုင်ပြီးတော့မှ... အမေရှိရာကို ဆက်သွားခဲ့တယ်။
ဒါပေမယ့်... အမေ့အတွက် လမ်းမှာ ဘာမှ အထူးတလည် မဝယ်ဖြစ်ခဲ့ဘူး။
အမေအတွက် ပါသွားတာက...
အင်ရှူးဝါးတစ်ဗူးရယ်...
ကိတ်မုန့်တစ်ထုပ်ရယ်... ဒါပဲ ပါခဲ့တယ်။
အမေဆီမှာ ခဏတဖြုတ်ပဲ နေခဲ့ပြီး ပြန်ခဲ့တယ်။
သားအတွက် ပေးခဲ့တဲ့ အချိန်တွေ၊ ဝယ်လာခဲ့တဲ့ ပစ္စည်းတွေနဲ့
ယှဉ်လိုက်ရင် အမေ့အတွက်က အလွန်နည်းပါးလွန်းခဲ့ပါတယ်။
အဲဒီနေ့ကတော့... အချစ်တွေရဲ့ "ခွဲတမ်းမညီမျှမှု"
ကို ကျွန်တော် သတိမထားမိခဲ့ဘူး။
အခုတော့...
သားကို တွေ့ချင်ရင် တွေ့လို့ရသေးတယ်။
သားကို ကျွေးချင်ရင် ကျွေးလို့ရသေးတယ်။
သားကို ပေးချင်တာတွေ ပေးလို့ရသေးတယ်။
ဒါပေမယ့်...
အမေ့ကိုတော့... ဘာတစ်ခုမှ ပေးလို့ မရတော့ဘူး။
အမေ့လက်ကို ကိုင်ချင်လည်း မရတော့ဘူး။
အမေ့ကို ဖက်ချင်လည်း မရတော့ဘူး။
"အမေ..." လို့ ဘယ်လောက်ပဲ အော်ခေါ်ချင်ပါစေ...
ပြန်ထူးပေးမယ့် အသံ မရှိတော့ဘူး။
အမေက... ထာဝရ ပြန်မလာနိုင်တဲ့ ခရီးကို ထွက်သွားခဲ့ပြီလေ။
အဲဒီအချိန်မှ...
ကျွန်တော့်ရင်ထဲမှာ နောင်တတွေ တစ်လှေကြီး ကျန်ရစ်ခဲ့တယ်။
သားကို ချစ်ခဲ့တာ မမှားပါဘူး။
ဒါပေမယ့်... ကိုယ့်ကို မွေးဖွားကြီးပြင်းစေခဲ့တဲ့ အမေကို
ချစ်ဖို့၊ ဂရုစိုက်ဖို့၊ ပေးဆပ်ဖို့ အချိန်ကို လျှော့မိခဲ့တဲ့ အကျိုးဆက်က
ကျွန်တော့်အတွက် ဒီနေ့အထိ မပျောက်နိုင်သေးတဲ့
နောင်တတစ်ခု ဖြစ်နေဆဲပါ။
-မိဘတွေ အသက်ရှင်နေတုန်းမှာ ချစ်ခြင်းကို ပြသလိုက်ကြပါ။
-ဂရုစိုက်မှုကို ပေးလိုက်ကြပါ။
-ပေးဆပ်ခွင့်ရှိတုန်း ပေးဆပ်လိုက်ကြပါ။
တစ်နေ့မှာ "ပေးချင်တယ်" ဆိုတဲ့ ဆန္ဒသာကျန်ပြီး
"ပေးလို့မရတော့ဘူး" ဆိုတဲ့ ကျွန်တော့်လို နောင်တမျိုးကို
ဘယ်သူမှ မသယ်ဆောင်မိကြပါစေနဲ့...။
တိုဟူး

No comments:
Post a Comment