မျိုးဆက်သစ်



                   
                                                      တိုဟူး တိုဟူး


တိုးတက်ကြီးပွားခြင်း နဲ့ပတ်သက်ပြီး မှတ်သားဖူးတာလေး တစ်ခုရှိတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ကြီးပွားခြင်း (သို့မဟုတ်)ဆုတ်ယုတ်ပျက်စီးခြင်း ဆိုတာ မျိုးဆက်သစ်လူများ အပေါ် မူတည်တယ်ဆိုတာပါပဲ။ 

မျိုးဆက်သစ်လူတွေက မျိုးဆက်ဟောင်းလူတွေထက်သာရင် လက်ရှိထက်သာလွန်တိုးတက်မယ်။

မျိုးဆက်သစ်လူတွေက မျိုးဆက်ဟောင်းလူများထက် ညံ့သွားရင် လက်ရှိထက်ဆုတ်ယုတ်သွားမယ်။

အဲဒီ ဥပမာကို ရှေရှေဝေးဝေး သွားမကြည့်နဲ့ ကျုပ်တို့ မြန်မာပြည် သမိုင်းကြောင်းကိုသာကြည့်ပါ။

 နိုင်ငံရွှေထီးဆောင်းခဲ့စဉ်  ကာလက မျိုးဆက်လူတွေနဲ့ စစ်အာဏာရှင်ကာလ မျိုးဆက်လူတွေ ဘာတွေကွာဟ သွားလဲ။ 

တိုတိုပြောရရင် ပညာရေး ကျန်းမာရေး စီးပွားရေး လူမှုရေး အားကစား အစစအရာရာ ကွာဟသွားတယ်။ 

တိုးတက်လာတာဆိုလို့  မူးယစ်ဆေးနဲ့ စစ်မြေပြင်တွေပါပဲ။

စာရေးဆရာကြီး ဆရာဦးအောင်သင်းရဲ့ ဟောပြောချက်တခု ကျ ု ပ် ရင်ထဲမှာ မှတ်မှတ်ထင်ထင် စွဲနေတာလေးရှိတယ်။

 "မင်းတို့ဘဝမှာ လုပ်စရာနှစ်ခုပဲရှိတယ်.. မင်းတို့ရဲ့ဘဝကို မင်းတို့မိဘတွေထက် ပိုသာလွန်တဲ့ဘဝ ဖြစ်အောင်ကြိုးစားရမယ်-- မင်းတို့ရဲ့သားသမီးတွေကို မင်းတို့ဘဝတွေထက်ပိုပြီး ကောင်းမွန်အောင်စွမ်းဆောင်ပေးရမယ်တဲ့--"

 ဆိုလိုတာက ဘဝရဲ့ဆင့်ကဲဖြစ်စဉ် မျိုးဆက်တိုင်းမှာ တိုးတက်မှုဟာ သာလွန်ရမည့်ပေါ့။

 ကြုံတုံးပြောရဦးမယ်။ ကြွားတယ်လို့လည်း မထင်နဲ့။ မပြောပဲ မနေနိုင်လေလို့ ပြောရမှာပဲ။

 ပြောပြန်တော့လည်း ကိုယ့်ဂုဏ်ကို ကိုယ်ဖေါ် မသူတော် ခုနှစ်ပါး ထဲက လူဖြစ်ရမှာလည်း စိုးပါရဲ့။

 ဟိုးးး တချိန် ပြန်မရတဲ့ အတိတ်က ငယ်စဉ်အကြောင်းလေး ပြန်ပြောပြမှ ပြည့်စုံပါမယ်။

ကျုပ်ကို မြို့ပြနဲ့ဝေးလွန်းလှတဲ့ တောခေါင်ခေါင် ရွာဇနပုဒ်မှာ မွေးဖွားခဲ့တယ်။ 

ဘယ်မျှတောခေါင်သလဲ ဆိုရင် ရွာလူတချို့ဟာ စက်ကိရိယာပစ္စည်းနဲ့ ပတ်သက်ရင်မော်တော်ကားတို့ ရထားတို့ မပြောနဲ့ စက်ဘီးပင်မမြင်ဖူးဘူး။

 စက်ဘီးကိုမြင်ရင်ပင် အံ့သြနေပါတယ်။ ဘီးလေးနှစ်ဘီးနဲ့ ပြေးတာ မြေပြင်ကို လဲှမကျဘူးပေါ့။ 
       
ပြီးတော့ ရေနွေးငွေ့ ရထားစက်ခေါင်းမည်းမည်းကြီးကို ပထမဆုံး မြင်တွေ့ကာစ ဆိုရင်
ကြောက်လွန်းလို့ အနားပင် မကပ်ရဲဘူး။

မီးရထား ဟွန်းသံကြားရင်ကို လန့်နေတော့တာဗျ။

တောသားမြို့ရောက်တော့ မြင်မြင်သမျှဟာ အထူးဆန်းကြီးပါပဲ။

 မြို့လယ်ခေါင်က နာရီစဉ်ကိုပင် ဘုရားစေတီထင်တဲ့ကောင်။

အဲဒီလောက်အထိ အသိပညာခေါင်းပါးတဲ့ အရပ်က လူ။

မွေးရပ်မြေကို အတိအကျပြောရရင်  မိတ္ထီလာခရိုင် မလှိုင်မြို့နယ်ပေါ့။

 မြန်မာပြည်အလယ်ပိုင်းဖြစ်ပေမဲ့ အရမ်းတောခေါင်တယ်။ အရမ်းဆင်းရဲတယ်။

ကျုပ်တို့ရွာ တစ်ရွာလုံးမှာ လူဦးရေ နှစ်ရာကျော်ရှိတယ်။ 

လူနှစ်ရာကျော်မှာ ကျောင်းသားက ဆယ်ယောက်- ဆယ်ယောက်မှာမှ ကျုပ်တစ်ယောက်တည်း ဆယ်တန်းအောင်တယ်။

စာမေးပွဲအောင်တော့ မှတ်မှတ်ရရ  အမေက ဂုဏ်ပြု စကားတစ်ခွန်းဆိုတယ်။

"ငါ့သား မင်းက အမေတို့ရဲ့ဗိုလ်ကြီး ကိုလူချော ဖြစ်သွားပြီတဲ့"
အမေ့ရဲ့ဂုဏ်ပြုမှုဟာ ကျုပ်အတွက် အားဆေးဖြစ်ရသလို လူကလည်း မြောက်ကြွ မြောက်ကြွဖြစ်ချင်သလိုပါပဲ။

ဒါပေမဲ့ ရွာထဲ မနာလိုသူတွေက  တီးတိုး တီးတိုးနဲ့ ပြောကြတာရှိတယ်။ 

အနူတောက ကိုလူချောတဲ့။ 

အစတော့ အဲဒီဆိုလိုချက်ကို သဘော မပေါက်ခဲ့ဘူး။

 နောက်မှ စဉ်းစားမိတာက ရွာမှာ မူလတန်းကျောင်းပဲ ရှိတယ်။

အလယ်တန်းနဲ့ အထက်တန်းက မြို့ပြမှာပဲရှိတယ်။

 ရှေးရိုးဆန်တဲ့ ရွာလူတွေ အသိတရားက လေးတန်းအောင်ရင် ကျောင်းထွက်ပေါ့။
                                     
 သဘောက သေစာရှင်စာ ရေးတတ်တော်ပြီ ။ ပြီး မိဘရိုးရာ တောင်သူလုပ် ပေါ့။
တချို့မိဘတွေက မိန်းခလေးတွေဆို ကျောင်းပင်မထားဘူး။

အဲဒီလို လူမှုဝန်းကျင်မှာ လူဖြစ်ခဲ့ရတဲ့ ကျုပ်အမေဟာလည်း စာလုံးဝမတတ်ရှာဘူး။ 

အဖေက ခုနှစ်တန်းအဆင့် ပဲရှိတယ်။ အစ်မအကြီးနှစ်ယောက်က လေးတန်းထွက် ။

 ရွာက တောခေါင်ခေါင်ဖြစ်ရသည့်အထဲ ရွာထဲမှာ မြို့တက်ပြီး ဆယ်တန်းအောင်သူ ဆိုလို့ မှတ်မှတ်ရရ ကျု ပ် အရင် သုံးယောက်ပဲရှိတယ်။

 ဘွဲ့ရသူက ကျုပ်တစ်ယောက်ထဲပဲရှိတယ်။

 အခုတော့ ဘွဲ့ရ(ပညာတတ်မပြောဘူးနော်)တွေများနေပါပြီ။

ကျန်တာ ဘုန်းကြီးကျောင်း သင်ပုန်းကြီးထွက်နဲ့ မူလတန်းကျောင်းထွက်တွေပဲ။

  အဲဒီလို ပညာရေးပေါ် အမြင်ကျဉ်းမြောင်းသူတွေကြားမှာ ကြီးပြင်းပြီး မြို့တက် ဆယ်တန်းအောင်လေတော့ ကျုပ်က အနူတောထဲက  ကိုလူချော ဖြစ်ရတာပေါ့။

 ဘာပဲဖြစ်ဖြစ် အဖေ အမေထက်တော့ အတန်းပညာ သာသွားပြီဆိုရမယ်။

တကယ်လို့သာ ကျုပ်မိဘက ကျောင်းမထားခဲ့ရင် (သို့မဟုတ်) ကျုပ်စာမကျိုးစားခဲ့ရင် ကျုပ်ဘဝက လယ်တောမှာ ဖားရှာ ငါးရှာနဲ့ ဇာတ်သိမ်းရမှာပေါ့။

ယခုတော့ အနူတောရဲ့ကိုလူချောက ကိုယ့်ထက်သာတဲ့ မျိုးဆက်သစ်ကိုလူချော တယောက်ကို ထပ်ဆင့် မွေးထုတ်လိုက်ပါပြီဗျာ။


မျိုးဆက်သစ်တွေက  လောကကြီးကို အကျိုးပြုရန်အတွက် ထိုက်သင့်သော အတန်းပညာကို ပိုင်ဆိုင်ပြီးပြီ။

  ဒါပေမဲ့ ဘဝရှင်သန်ဖွင့်ဖြိုးရန်  ဆက်လက်လည်း သင်ယူလေ့လာနေရဦးမည်ဖြစ်သည်။ 

 မျိုးဆက်သစ် သား ကိုလူချောများ ဘဝက ရိုးရှင်း တည်တည်ြငိမ်ြငိမ်ဖြတ်သန်းခဲ့ရတယ်လို့ထင်ရပေမဲ့ တကယ့်တကယ်တော့ လှိုင်းကြီးပြီး လေထန်နေတဲ့ ရေပြင်ကို လှေငယ် စီးပြီး သွားခဲ့ရသလိုပါပဲ။
                                                
ဘယ်လူး  ညာလိမ့် လှိုင်းတွေကိုကျော် ရေဝဲကိုရှောင် ရေပြင်ကိုကျော်ဖြတ်ပြီး မနှစ်အောင် ကျိုးစားခဲ့ရတယ်။
 ဖြတ်သန်းခဲ့ရတဲ့ ဘဝအမောရိုက်ချက်ကို  ပဲ့ကိုင်ရှင်သာ အသိဆုံးပါ။ 

 ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။

ဒါပေမဲ့ ဒီကိုလူချောတွေကို  အနူတောက ကိုလူချောတော့ မဖြစ်စေချင်ဘူး။

ဒါဟာ ဘဝရဲ့တစ်ဆစ်ချိုးတစ်ကွေ့ဖြစ်တဲ့ မြစ်ပြင်လေးပဲရှိပါသေးတယ်။

 ရှေ့မှာ ပင်လယ်ပြင်ရှိတယ်။ ပင်လယ်ပြင်ကို ကျော်ဖြတ်နိုင်မှသာ အမေပြောတဲ့ ကိုလူချော ။ 

ထူးချွန်တဲ့ ကိုလူချော ဖြစ်ပေမယ်ပေါ့။ပြီး ဆင့်ကဲ တိုးတက်သော မျိုးဆက်များလည်း စွမ်းဆောင်လာပေမယ်ပေါ့။

ဆိုလိုတာက ကိုယ့်နယ်ပယ်အဝန်းအဝိုင်းအတွင်းမှာသာ လသာမနေပါနဲ့။

ကမ္ဘာယှဉ်ပြီး  ထူးချွန်အောင်ကျိုးစားကြပါလို့။

ဘာပဲဖြစ်ဖြစ် လေးစားဂုဏ်ယူပါတယ် သား ကိုလူချောတို့ရယ်---
   
                                             မောင်ဦး(တိုဟူး) 

2 comments:

မောင်ဦး said...

👨‍❤️‍👨👩‍❤️‍💋‍👩👩‍👧‍👦👍👍✌️✌️

Unknown said...

🌷🌹🌹🥀🥀🌺🌺🌺🌸🌸🌸🌼🌻🌻🌻🌻🌻🌸🍄🍁🍂🌏

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...