မပြားစိန်



တိုဟူး တိုဟူး
၈ါရဝတောစ နိဝါတောစ ဂုဏ်ပြုအပ်သူကို ဂုဏ်ပြုကြတာ မင်္ဂလာတရားတော်နဲ့အညီဆုံး ဖြစ်တာမို့ ကျွန်ုပ်အား ဘဝသင်ခန်းစာ တခုပို့ချသွားသော မပြားစိန် ခေါ် ဒေါ်စိန်စိန်(အမည် လွဲှ)ကို ကျွန်ုပ်တိုဟူးမှ ဤပိုစ့်နဲ့ဂုဏ်ပြုပါရစေ ခင်ဗျာ...

ရှေးလူကြီးတွေ ထားရစ်ခဲ့လေသော စကားပုံများ၊ အဆိုအမိန့်များဟာ တခါတလေ ကိုယ်နဲ့တိုက်ဆိုင်ပြီး သင်ခန်းစာယူစရာ ကောင်းသလို သံဝေဂ ရစရာလည်း ကောင်းပါတယ်။

ယခု ကိုယ်တွေ့ ဖြစ်စဉ်လေး အကြောင်း ပြောပြချင်တယ်။

ပထမ ဆိုရိုးတခုက အသားလိုလို့ အရိုးတောင်းတဲ့ အဖြစ်ပြောရမလား မသိဘူး။

ဒီနေ့ညနေခင်းမှာပေါ့ဗျာ...

ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးအတွက်  လမ်းလျှောက်နေစဉ် ကားတစ်စီးပေါ်မှ အမျိုးသမီးတစ်ယောက် ဆင်းလာတယ်။

အရွယ်မငယ်တော့ဘူး ဆိုရပေမဲ့ အသက်အကြီး ကြီးလည်းပြောလို့ မရဘူး။

ခန္ဓာကိုယ်အချိုးအစားနဲ့ အသားအရေက လက်ကျန်စိုစိုပြေပြေရှိဆဲပါပဲ။

လူရွှင်တော် ကိုမော့ပြောသလို ပြောရရင် ရိုရိုသေသေ ကိုင်တွယ်ရင် လေးငါးနှစ် အေးအေးဆေးဆေးပေါ့နော်။

 ဒါက သူများသားသမီးကို အကောင်းမြင်စိတ်နဲ့ကြည့်ပြီး ရိုးရိုးသားသားပြောတာပါ။
ဘာစိတ်မှ မရှိပါဘူး။ ဟဲဟဲ…..။

အဲဒီအမျိုးသမီးက ကျုပ်ကို အရေးတယူနဲ့  လာနှတ်ဆက်တယ်။

"ဦးလေး နေကောင်းလား မတွေ့ရတာကြာပြီနော် နေပြည်တော်က ပြန်ရောက်လာမှ ပိုနုနေတယ်"
တဲ့။

ထိုအမျိုးသမီးက ထူးထူးဆန်းဆန်း လာ နှတ်ဆက်လေတော့ ပထမတော့ ကြောင်သလိုလိုဖြစ်သွားတယ်။

 ဒါပေမဲ့ သူမရဲ့နောက်ဆက်တွဲစကားကြောင့် ကိုယ့်ကိုဘဝင် လေဟတ်မိသွားသလိုပါပဲ။

အကြောင်းက သူနဲ့ ကျုပ်က တမြို့ထဲသားချင်း တစ်ရပ်ကွက်သားချင်းမို့ ကောင်းစွာ သိရှိနေသော်လည်း ရင်းရင်းနှီးနှီး ခေါ်ခေါ်ပြောပြော မရှိပါဘူး။

ဒါပေမဲ့ တစ်ယောက်နှင့် တစ်ယောက် မျက်နာ မစိမ်းသူများ လို့ဆိုရမယ်။

သူ့နာမည်က ရပ်ကွက်ထဲ အခေါ် ငယ်ငယ်က ပျားရည်ရောင်းစားသူမို့"ပျားစိန်မ" လို့ခေါ်ကြတယ်။ မပြားစိန်ပေါ့။

ကျုပ်တို့အခေါ် ပျားစိန်မ ဟာ ပထမ ရိုးရိုးအေးအေးရှိခဲ့သော်လည်း သူဌေးသားနဲ့ အိမ်ထောင်ကျကာ စီးပွားရေး အဆင်ပြေလာတော့ သူ့ကိုသူ စိန်စိန်..စိန်စိန်နဲ့  ရပ်ကွက်ထဲ ထောင်ထောင်ဖြစ်လာတယ်။

ရပ်ကွက်ထဲက နိမ့်ပါးသူတွေကိုဆိုရင် မတူသလို မတန်သလိုနေထိုင်လေ့ရှိပြီး ကြာတော့ မာနရှင် ဒေါ်စိန်စိန် ဖြစ်လာပါလေရော။

 ယောက်ျားဖိုးမှုဖြင့်ထောင်ကျကာဆုံးသွားသော်လည်းမာန်က မကျ။

ကျုပ်နဲ့မပြားစိန် ခေါ် ဒေါ်စိန်စိန်  ကတော့ ရပ်ကွက်ထဲမှာ မကြာခဏ ဆုံဖြစ်သော်လည်း သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွားနဲ့ စကားပြောဖို့ နေနေသာသာ နှတ်ပင် မဆက်မိပါဘူး။

ကိုယ်တင်ပဲလားဆိုတော့ မဟုတ်ဘူး။

မာန တခွဲသားမို့ ရပ်ကွက်ထဲက လူတော်တော်များများကလည်း သူနဲ့ဆက်ဆံရေးမှာအစေးမကပ်ကြဘူး ပြောရမှာပေါ့။

ထားပါ။ ဒီနေ့ကျုပ်ကို နှတ်ဆက်တဲ့ အကြောင်းပြောမယ်။

ပထမတော့ မပြားစိန် က ကိုယ့်ကိုနှတ်ဆက်တာမှ ဟုတ်ရဲ့လားလို့ နောက်လှည့်ကြည့်မိသေးတယ်။

ကိုယ့်နောက်မှာ လူတစ်ယောက်မှ မရှိဘူး။

ဟုတ်ပါပြီ ကိုယ့်ကိုနှတ်ဆက်တာပဲဆိုပြီး အော် အင်း ကောင်းပါ့ဗျာ ကောင်းပါ့ဗျာလို့ ပြန်နှတ်ဆက်ရတာပေါ့။

ဒီလိုနဲ့သူကို ခဏတာ မာကြောင်းသာကြောင်းခဏတာ ရပ်ပြီး စကားပြောနေမိတယ်။

အဲဒီအချိန်မှာ မပြားစိန်ဟာ ရပ်ကွက်ထဲက ဆိုင်ကယ်ပြင်တဲ့ ကောင်လေးတစ်ယောက်ကိုလည်း ဖေါ်ဖေါ်ရွှေရွှေ နဲ့ စကားလှမ်းပြောနေပါသေးတယ်။

 ပြီးမှ ကိုယ်တိုင်ကားမောင်းထွက်သွားတယ်။

ဒီနေ့ ဘယ်တုန်းကမှ စကားမပြောဖူးသူက ကိုယ့်ကိုအရေးတယူ လာပြီးစကားပြောသလို ဆိုင်ကယ်ပြင်ဆရာကိုလည်း ရင်းနှီးနှီးနှတ်ချိုချိုနဲ့ စကားပြောနေလေတော့ ထူးဆန်းနေသလိုပဲ။

စိတ်ထဲလည်း မတင်မကျပေါ့။ ဒီနေ့ မပြားစိန်တစ်ယောက် ထူးခြားနေပါလား အချိုးတွေပြောင်းနေပြီလား။

လူက လမ်းသာလျှောက်နေရသည် စိတ်က မပြားစိန်ထံရောက်နေသည်.။သူ့လုပ်ရပ်ကို စဉ်းစားမရ။

မပြားစိန် တစ်ယောက်ဟာ မုဆိုးမ ြ ဖစ်တာမှ မကြာသေးဘူး ထူးထူးခြားခြား ကိုယ့်များ လာကြွေနေရော့လားလို့ ပေါက်ကရ တွေးနေမိသေးတယ်။

ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကြည့်ရတာပေါ့။

မဖြစ်နိုင်။ ကိုယ်မှာလည်း သားနဲ့ မယားနဲ့။
သူ့မှာလည်း သားနဲ့ သမီးနဲ့ ...

ဒါဖြစ်ရင် ဘာလဲ ဘယ်လိုလဲ ဘာသဘောလဲ..

တွေးရင်း ငေးရင်းဖြင့် အိမ်ကိုသာ ရောက်လာတယ်။

အဖြေကမရ။

အိမ်ထဲရောက်သည်နှင့်စားပွဲပေါ်တွင် ဖိတ်စာလေး တစ်စောင်ကိုတွေ့ရသည်။

ယင်းဖိတ်စာကြောင့် ကျုပ်အိပ်ထောင်ထဲမှ မရှိမဲ့ ရှိမဲ့ ငွေစက္ကူ အရွက်ကြီး တစ်ရွက် ခုံထွက်ရတော့မည်။    ဖိတ်စာဖတ်ပြီးမှ ကျုပ်လိုချင်သော   အဖြေက ပေါ်လာသည်။

 အော် မပြားစိန်ရဲ့သားမင်္ဂလာဆောင်ပါလား။
   
တကယ်တော့  မပြားစိန် ခေါ် ဒေါ်စိန်စိန်က ဘူးသီး သီးမှ အရီးတော်သည် ဆိုရိုးစကားကိ ုလက်တွေ့ အသုံးချသွားသလို ကျုပ်ကလည်း သုံးစလောင်းကုန်မှ ပြောင်းဂျုံမှန်းသိသူ လို ဖြစ်နေရောလားဗျာ။

အခွင့်အရေး လာဘ်လာဘရရန် အကြောင်းမမြင်သောအခါ အရေး တယူမရှိပဲ -
အခွင့်အလမ်းရယူစရာ မြင်လာသောအခါမှ အရေးတယူပြုလာသည့် အော် မပြားစိန် လိုလူ နဲ့ အချိန်လွန်မှ အသိနောက်ကျသော ကျုပ်လိုလူ  ကမ္ဘာပေါ်မှာ မည်မျှရှိပါလိမ့်နော်။

ဘာပဲဖြစ်ဖြစ် လောကအသုံးချ အသိပညာပေးတဲ့ မပြားစိန် ခေါ် ဒေါ်စိန်စိန် တစ်ယောက်ကိုဖြင့် လေးစားဂုဏ်ပြုပါတယ်ဗျာ။

                                                တိုဟူး တိုဟူး


1 comment:

Unknown said...

😂😂😂😂🤹‍♀️🤹‍♂️

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...