
"မမ"မေတ္တာရှင်လေးများ သို့
=================
(မောင်ဦး) မမ
ဒီပိုစ့် လေးကတော့ မဖတ်ရသေးသူများအတွက်ပါ။
မေတ္တာ မေတ္တာ ---
မိဘနဲ့ သားသမီး ချစ်တဲ့ မေတ္တာ ---
သူငယ်ချင်း အချင်းချင်း ချစ်တဲ့ မေတ္တာ--
မင်းနဲ့ ကိုယ် ချစ်တဲ့ မေတ္တာ--။
မေတ္တာ--ဖျန်း၍ လန်းရ၏ ။
မေတ္တာ--ခြုံ၍ လုံရ၏။
မေတ္တာ ဟူသည်--
စိမ့်စမ်းရေသို့ ကြည်လင် အေးမြ စေသည်။
ငြိမ်းချမ်းသာယာမှုကို ဖြည့်စွမ်းပေးလေသည်။
မာကြောနေသောနှလုံးသားကို နူးညံ့စေသည်။
မေတ္တာ၏ ဂုဏ်သတ္တိတို့မှာ ရေးဖွဲ့မကုန်အောင် ရှိကြလေသည်။
-စကားလုံးကြွယ်ရင် ကြွယ်သလို မေတ္တာကို ညွှန်းဆိုနိုင်ပေသည်။
ကိုယ်လည်း မင်းအပေါ်ထားတဲ့ မေတ္တာကို ဖွဲ့နွဲ့ဆိုချင်ပါသည်။
သို့သော် မင်းနဲ့ကိုယ်ကြား ပြောစရာ မလို သလို စာလေးသွားမှာစိုးလို့ ရေးဖွဲ့ မပြရစေနဲ့တော့။
ကိုယ်လေ ဘယ်စာထဲမှာ ဖတ်မိခဲ့ သလဲ တော့ မမှတ်မိဘူး။
"မေတ္တာ၏ အနှစ်သာရကား ငြိမ်းအေးခြင်း"
" မေတ္တာ၏ ရည်မှန်းချက်က သူ့အကျိုးကို လိုလားခြင်းဖြစ်သည်" တဲ့။
"မေတ္တာဖြင့် ထုံမွှမ်းသော နေရာ ဒေသသည် တည်ငြိမ် အေးချမ်း လေသည်" လို့ မှတ်သားဘူးတယ်။
အဲဒီ မေတ္တာများဖြင့် လွှမ်းခြုံမှု ပြည့်နေသော နေရာလေးကို မင်းမြင်တွေ့ချင်တယ်လို့ မင်း တချိန်က ကိုယ့်ကို တမ်းတမ်း တတ ပြောခဲ့ ဘူးတယ်နော်။
အဲဒါကြောင့် အဲဒီမေတ္တာကမ္ဘာလေး တည်ရှိရာ ဥယျာဉ်ကမ္ဘာလေးသို့ မင်းကို ဖိတ်ခေါ်၍ လိုက်ပြပါရစေလားဟင် ။
အဲဒီ နေရာ ရောက်ရင်လေ
မင်း မြင့်တွေ့ရမဲ့ မြင်ကွင်းမျိုးစုံက မင်းရဲ့ နှလုံးသားကို စွဲကိုင်လှုပ်ခတ် သွားလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်။
ဘယ်လိုလဲ လိုက်မယ် မဟုတ်လား
တခုတော့ သတိပေးပါရစေ။
နှလုံးသား နူးညံ့ပြီး မျက်ရည်မခိုင်တဲ့ မင်းတယောက် လက်ကိုင်ပုဝါလေး တထည်တော့ ဆောင်ယူလာခဲ့ ပေးပါကွယ်။
* မိခင်ရဲ့မေတ္တာကို မခံစားရဘူး ရှာတဲ့ လုံမငယ်လေး တယောက်က ကိုယ်နဲ့ သွေးသား မတော်စပ်တဲ့
ရင်ခွင်မဲ့ မွေးကင်းစ ခလေးငယ်ကို ချီးသေး သုတ်သင်ပေးပြီး နို့ချို (နို့ဗူး) တိုက်ကျွေးမွေးနေသည့် မိခင်တယောက်၏ စိတ်ဓါတ်မျိုးကို မြင်တွေ့ရမှာဖြစ် သလို
* တစ်ဦးပေါ် တစ်ဦး ကြင်နာယုယစွာ ထွေးပွေ့ထားကာ ရိုးရှင်းပြီး အပြစ်ကင်းစင်သည့် နုနယ်သော ကလေးငယ်များရဲ့သွင်ပြင်ကိုလည်း မြင်တွေ့ရမယ်။
ပြီးတော့ ညီအစ်ကို မောင်နှမ အရင်း အရှာများကဲ့သို့ သံယောဇင်နှောင်ကြိုးများ ရစ်တွယ်နေသည့် မြင်ကွင်းမျိုးစုံကိုလည်း မင်းမြင်တွေ့ခဲ့ရင် မင်းရင်ထဲ ကျေကွဲ ထိရှစေတဲ့ အမည်မသိ ဝေဒနာနဲ့ အတူ ဝမ်းသာကြည်နူးရတဲ့ ပီတိ ကိုပါ တပြိုင်းတည်း တွေ့မြင် ခံစားရမယ်နော်
ပြီး မင်းရဲ့ ရွှန်းလဲ့တောက်ပနေတဲ့ မျက်ဝန်းအစုံမှာ မျက်ရည်စလေးတွေ တွဲခို လာလိမ့်မယ် လို့လည်း ကိုယ်ထင်တယ်။
အဲဒီ ဥယျာဉ် နေရာလေးကတော့လေ--
ဟိုး-- နေပြည်တော်တိုင်း လယ်ဝေးမြို့နယ် သာဝတ္ထိမြိုနှင့် လေးမိုင်ခန့်အကွာ အလယ်ရိုးမ တောင်ပေါ်ရှိ " စမ" တောင် မဟာပရဟိတ လူငယ်ဖွင့်ဖြိုးရေး ဆိုတဲ့ ဥယျာဉ်လေးဘဲ ပေါ့။
အဲဒီ ဥယျာဉ်တွင်းမှာလေ
* မိခင်ရဲ့မေတ္တာကို ဆာလောင်မွတ်သိမ်နေတဲ့ ရင်ခွင်မဲ့ရင်သွေးငယ်များ-
*အပြစ်မဲ့ ရက်စက်စွာ စွန်ပြစ်ခံ ပန်းကလေးများ
* ဘဝချို့တဲ့နေရှာသော ကလေးသူငယ်များ
တို့ကို ဘာသာတရား၏အရိပ် ဆရာတော်များ၏ မေတ္တာ စေတနာ ဂရုနာ စိတ်ဓါတ် အပြည့်ဖြင့် ငြိမ်းငြိမ်း ချမ်းချမ်း နွေးနွေး ထွေးထွေး ပေးထားသည်ကို မြင်တွေ့ စေချင်တယ်။
အဲဒီ ပရဟိတ ကျောင်းကို "စမ"တောင် ဆရာတော် နှစ်ပါးက ရင်ခွင်မဲ့ ခလေးငယ် ၄ ဦးဖြင့် အစားဆင်းရဲ အနေဆင်းရဲ ယိုင်နဲ့နဲ့ တဲကုတ်ဘဝမှ စတင်တည်ထောင်ခဲ့ပြီး ယနေ့ အချိန်အခါ မှာဖြင့် ကလေးငယ် ၄၆၀ ကျော်နှင့် အတန် အသင့် နေထိုင် ကျွေးမွေးပြုစုစောင့်ရှောင့် ပညာသင်ကြား ပေး လျှက်ရှိပါတယ်။
တရက်ကို ဆန် ၆ တင်းခွဲကုန်ကျခံ ချက်ပြုတ် ကျွေးမွေးရကာ ယင်း ကလေးငယ်များရဲ့ စားဝတ်နေရေးမှ အစ ကျန်းမာရေး ပညာရေး သွားရေးလာရေး အဆုံးပြုလုပ်ပေးထားသည်ကို ကြည်နှုးဖွယ် မြင်ကွင်းစုံကို မင်းတွေ့မြင် ခံစားရပေမယ်။
ဘွဲ့ရ ပညာတတ် ၂၄ ဦး
တက္ကသိုလ် မျိုးစုံ တက်ဆဲ ၄၃ ဦး
အထက်တန်း ၃၇ ဦး
အလယ်တန်း ၁၀၈ ဦး
မူလတန်း+မူကြို ၂၀၆ ဦး
နို့ဗူးတိုက် ၄၂ ဦး
စုစုပေါင်း ၄၆၀ ဦး
အဲဒီ ကလေးငယ်များရဲ့ ထူးချွန် တိုးတတ်မှုတွေ ချစ်စရာကောင်းတဲ့ ချမ်းမြေ့သာယာမှုတွေကို မြင်ရရင် မင်းဝမ်းသာကြည်နူးမိမှာ အမှန်ပါဘဲ။
ဒါပေမဲ့ လေ --
ကလေးငယ်များ၏ အဆင်မြင့် ပညာသင်ကြားရေး
ကျန်းမာရေး စားဝတ်နေရေး လိုအပ်ချက်လေးတွေက များစွာရှိနေဆဲပေါ့။
အထက်က အင်အားစာရင်းကို ကြည့်ရင် ဒီလူငယ် ဖွင့်ဖြိုးရေးဥယျာဉ်လေးဟာ ဘယ်လောက် ရုံးကန် လှုပ်ရှား နေရတယ် ဆိုတာ မင်း ခန့်မှန်းမိမှာပါ။
အဲဒါကြောင့်လေ ဒီဥယျာဉ်တွင်းက မေတ္တာပန်းကလေး များဆက်လက် ပွင့်လန်းထုံသင်းစေဘို့ တက်နိုင်သ၍ ဖြည့်စွမ်းပေးနိုင်ရန် ကိုယ် ဒီပို့စ်ကို ရေးခြင်းဖြစ်တယ်လို့ ပြောချင်တယ်။
ခိုကိုးရာမဲ့ ဒုက္ခ ရောက်နေသူများကို ကူညီဆောင်ရွက်ပေးခြင်းသည် အနဝဇ္ဇာနိ မင်္ဂလာ ဖြစ်သလို --
လှူဒါန်းခြင်း စေတနာ သည် မိမိနဲ့ သူတပါး နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ဖြစ်စေသည့် ဒါနဉ္စ မင်္ဂလာ မည်သည် ဆိုတဲ့ မြတ်ဘုရားရဲ့ တရားတော်ကို မင်း နာကြားဘူးမှာပါ။
ဒါကြောင့်လေ
မင်းနဲ့ ကိုယ် ဒီလက စပြီး အားအားရှိ အွန်လိုင်းပေါ်တက် မလိုအပ်ဘဲ ပွတ် ပွတ်နေတာကို ရပ်ပြီး အပိုသုံးကုန်ကျမဲ့ စရိတ်ကို သွားရောက်လှူ ဒါန်းကြပါစို့လား လို့ ----။ ။
ဒီပို့စ်ကို ရှယ်ပေးခြင်းဖြင့် ကုသိုလ်ယူပြီး
မေတ္တာပန်းများ ပေးဝေငှနိုင်ကြပါစေ---

No comments:
Post a Comment