#အတ္တသမား


 
အတ္တသမား တဲ့လား
                                 မောင်ဦး(ကောလင်း)

လူဆိုတာ မွေးခြင်းနှင့် သေခြင်းကြား သက်ဝင်လှုပ်ရှားခြင်းကို ဘဝလို့ ပြောကြတယ်နော်။

ဘဝ နဲ့ချီပြောလာလို့ ဘာရယ်လို့တော့ မဟုတ်ပါဘူး။

ကိုယ့်ဘဝကို ကိုယ်တွေးမိပြီး ရင်ထဲပေါ်လာတာနဲ့ ရေးမိတာပါ။

ဒီနေ့မွေးရပ်မြေက ဆွေမျိုးတွေ အလည်ရောက်လာတယ်။

အိမ်ရောက် ရောက်ခြင်း ဆောက်နဲ့ထွင်းဆိုသလို ကျုပ်ကို ပြောလိုက်တဲ့စကားက သားယောကျ်ားလေးတွေက အတ္တသမား နွားတဲ့။

ဂရုဏာဒေါသောနဲ့ပြောလိုက်တဲ့ သူတို့ပြောစကားဟာ အရှိုက် ဒူးနဲ့တိုက်သလိုပါဘဲ။

အောင့်သက်သက်နဲ့ခံရပြီပေါ့။

ဆွေမျိုးတွေလာလို့ စိတ်ထဲမှာ ဝမ်းသာခြင်းဖြစ်ရသလို ဝမ်းနည်းခြင်းလည်း ဖြစ်ပေါ်မိတယ်။

အကြောင်းက ဒီဆွေမျိုးတွေနဲ့ မတွေ့ရ မမြင်ရတာ ဆယ်စုနှစ်ချီ် ကြာခဲ့ပြီဆိုတော့ စိတ်ထဲတမျိုးကြီးဖြစ်မိတယ်။

သူတို့ရောက်လာလို့ ဝမ်းသာခြင်းထက် ဝမ်းနည်းခြင်းက ပိုနေသလိုဘဲ။

ကိုယ့်ကို ကိုယ် ဝေခွဲမရဘူး။

စိတ်ထဲမှာလည်း အမျိုးအမည် ခွဲခြားမရတဲ့ အဖြေက ထုတ် မရဘူး။

#ထိုက်သင့်တဲ့ပေးဆပ်မှုကို မခံစားရပါပဲ ချို့ချို့တဲ့တဲ့နဲ့ ဆုံးပါးသွားတဲ့မိဘကို ပြန် မြင်ယောင်လို့လား!

#မိဘများရှိစဉ် ရွာမရောက်ဘဲ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို သမျော တမ်းတမိလေ သလား!

#လက်ဦးငယ်ဆရာများ ကို မတွေ့မမြင်လိုက်ရပဲ ဆုံးပါးသွားသည်ကို ခံစားမိ၍လား!

#မြီးကောက်ပေါက် အရွယ် စိတ်ကူးယဉ်ချစ်ခဲ့တဲ့ ငယ်ချစ်ဟောင်းကို သတိရမိ၍လား!

သေချာတာကတော့ ရွာပြန်ပြီး ဘယ်လောက်ပဲ ကိုယ်က ကျွေးချင် မွေးချင် ပေးကမ်းချင်ပေမဲ့ အစားထိုးမရတဲ့ #မိဘနှစ်ပါး မရှိတော့ဘူး ဆိုတဲ့ အသိဟာ ရင်ထဲမှာ နင့်သွားတယ်။

ကျုပ်ကို ဆွေမျိုးတွေက ပြောတဲ့ အပြောက မလွန်ပါဘူး။

"နင်နေနိုင်လိုက်တာ တော်တော်အတ္တကြီးတယ်" တဲ့။

ဟုတ်ပါတယ်- ပြောလည်း ပြောချင်စရာပါဘဲ ကျုပ်ကလည်း ရွာက ထွက်လာကတည်းက ရွာကို တစ်ခေါက်မှ ပြန်မရောက်ခဲ့ဘူးလေ။

ကိုယ့်ဘဝ ကိုယ်ကျောင်း ကိုယ့်လမ်း ကိုလျှောက်နေရတာနဲ့ မြို့ပြကနေ မွေးရပ်မြေကို ပြန်ဖို့ အခွင့်မသာခဲ့ဘူး။

အခွင့်မသာဘူး ဆိုသည်ထက် ပြန်ဖို့မကျိုးစားခဲ့ဘူးလို့ ရှက်ရှက်နဲ့ ဝန်ခံရမှာပါ။

အဲဒါကြောင့်လည်း သူတို့က ကျုပ်ကို အတ္တသမားတဲ့။

ဒီနေရာမှာ ကျုပ်ဘဝအကြောင်း ကြားဖြတ်ပြီး
ကြွားစရာ မရှိ ကြံဖန်ကြွားရဦးမယ်။

ရွာကထွက်လာပြီး တနယ်တကျေးကောလင်းမှာ အိမ်ထောင်ကျပြီး သားယောကျ်ား သို့မဟုတ် သူတို့ပြောတဲ့ အတ္တသမား လေးယောက်ရရှိခဲ့တယ်။

ဒီနှစ် တတိယမြောက်သားက ဆယ်တန်း ခြောက်ဘာသာနဲ့အောင်ပါတယ်။

All Dလို့ မပြောဘူးနော်။မြန်မာစကားက ခတ်ရှုပ်ရှုပ် အဓိပ္ပါယ်တမျိုး ထွက်နေသလားမသိ။

အမှတ်လေးဆယ်အောက် တစ်ဘာသာမှ မရောက်ခဲ့လို့ ခြောက်ဘာသာရှိတာ ခြောက်ဘာသာလုံး အောင်ခဲ့တာလို့ ဆိုချင်တာပါ။
ထားပါ ကျုပ် ယ္ခု လက်ရှိပြောမယ်။

အကြီးဆုံးသားက ဆရာဝန်-
 
အလတ်ကောင်က အင်္ဂျင်နီယာ-

အခု ဆယ်တန်းအောင်တဲ့ ကောင်က လိုင်းရွေးဆဲ-

အငယ်ဆုံးကောင်က ရှစ်တန်း စသည် စသည်ဖြင့် ကျုပ် မွေးထုတ်ခဲ့ပါတယ်။

သူတို့ ဘဝလေးတွေ တိုးတက်သာယာစေဘို့ ကျုပ် ဘဝ တလျှောက်အောက်ခြေသိမ်း အလုပ်ကစပြီး အလုပ်မျိုးစုံလုပ် ဒုက ္ခသုက္ခမျိုးစုံ ဖြတ်သန်းခဲ့ရတယ် ဆိုတာ ကျုပ်ကိုကျုပ် အသိဆုံးပါ။

ရလာတဲ့အသီးအပွင့်တွေလည်း ဒီသား ဒီမယားပဲပေါ့။

ဇနီးမယားနှင့်သားများကြား လူးလွန့်ရင်းနဲ့ ကျုပ်မိဘဆိုတာလည်း မေ့။

မောင်နှမသားချင်း ဆိုတာလည်း မေ့။

မေ့ရင်း မေ့ရင်းနဲ့ ဘဝရဲ့အစိတ်အပိုင်း အချို့လည်း ကုန်ခဲ့ပါပြီ။

မွေးမိဘများကိုပင် ပြန်လည် ကျွေးမွေးပြုစုဖို့ နေနေ သာသာ အသည်းအသန် ဖြစ်ချိန်ပင် ပြေးမကြည့်နိုင်ခဲ့ဘူး။

သူတို့လေးအတွက်နှင့်သာ အချိန်ကုန်ခဲ့ရတယ် ဆိုပါတော့ဗျာ။

အဲဒါ အိမ်ထောင်ကျသည်မှ ယနေ့အထိပါဘဲ။
 နောင်လည်း မိဘများခေါင်းချရာ မွေးရပ်မြေကို သွားလာနိုင်မယ် မထင်ပါဘူး။

ဲဒါကြောင့်လည်း ပတ်ဝန်းကျင်က ကျုပ်ကို အတ္တသမားတဲ့။

ကျ ုပ် စိတ်မဆိုးပါဘူး။

တကယ်ဆို သူတို့ ကျ ုပ်ဘဝကို ထဲထဲဝင်မှ မသိတာဘဲ။

သူတို့ကို နားလည်မှုပေးပြီး ခွင့်လွှတ်ပါတယ်ဗျာ။

** အတ္တသမား ဆိုတာ ငါ- ငါ့မယား- ငါ့သား- ငါ့ဥစ္စာ -နေရာတကာ ငါ ငါနဲ့ ကိုယ့်အကျိုးဘဲ ကြည့်ပြီး လုပ်ဆောင်နေသူလို့ ပြောချင် ဆိုချင်ပုံရပါတယ်။

အဲဒါကြောင့် ကျုပ်ကို အတ္တသမားတဲ့။

ပတ်ဝန်းကျင်က ကျုပ်ကို မတရား စွဲချက်တင်လို့ ပြောရပါမယ်။

စွဲချက်လည်း တင်ထိုက်ပါပေသည်။

ကျုပ်က ကျုပ်မိဘ နှင့်ဆွေမျိုး အသိုင်းအဝိုင်းအတွက် #စုန်ရေ သာဖြစ်ပြီး #ဆန်ရေ မှ မဖြစ်ခဲ့တာကိုဗျ. . .။

သို့သော် ဒီလိုလေးဖြင့် ထုချေ ရှင်းရင် ရင်ထဲမှာ ပေါ့တန်ကောင်းရဲ့ဆိုပြီးပြောလို့ရရင် ပြောချင်ပါတယ်..

ကဲဗျာ သွေးမတော် သားမစပ်တဲ့သူကို #ဇနီးမယား ဆိုပြီး တသက်လုံး ကုန်းရုံးလုပ်ကိုင်ကျွေးမွေးပြုစု ပေးနေတာ ကျုပ်က အတ္တသမားလားဗျာ...?

#ကျုပ်ချွေးမလောင်း ဖြစ်လာမည့် သူစိမ်းမိန်းခလေးကို ကောင်းစားစေချင်လို့ ကိုယ့်သားကို ဆရာဝန်ဖြစ်အောင်- အင်္ဂျင်နီယာဖြစ်အောင်- ပြုစုစောင့်ရှောက်နေတာ ကျုပ်က အတ္တသမား လားဗျာ...?

ကျုပ်လို မိဘများအတွက်တော့ ယောကျ်ားလေးများဟာ သား----
ယောက္ခမများအတွက်တော့ နွားပေါ့ဗျာ----

တကယ်ဆို ယောက်ျားလေးရှင်ဟာ နွားပိုင်ရှင်လို့ ပြောရပေမှာပေါ့...

အဲဒီလိုဆို ကျုပ်မိဘတွေလည်း ကျုပ်ဆိုတဲ့ နွားတစ်ကောင်မွေး ခဲ့သေးတယ်လို့ ဆိုရမလား----

အဲဒါကြောင့် ဆွေမျိုးတွေရေ ရွာပြန်ရင် အမေ့သဂြိုင်းမှာ အမေ့သားနွားတစ်ကောင် တွေ့ခဲ့တယ်လို့ ပြောပေးပါဗျာ. . .
                                                                     တိုဟူး တိုဟူး

No comments:

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...