ချစ်လွန်းလို့ ကျတဲ့မျက်ရည်



ချစ်လွန်းလို့ ကျတဲ့မျက်ရည်
                               မောင်ဦး
ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုခေါင်းစဉ်လေးတစ်ခုကို 

သတိရမိတယ်...

 “ပြုံးလှည့်မျက်ဖန် ငိုဟန်သွယ်၍ ရယ်လေသူ” တဲ့။

သားရဲ့အောင်စာရင်းထွက်တဲ့နေ့မှာပဲ အဲဒီအဓိပ္ပာယ်က 

အိမ်ကလေးထဲကို ရောက်လာခဲ့ပါတယ်။

​“သား ဂုဏ်ထူးတွေနဲ့အောင်ပြီ!” ဆိုတဲ့ သတင်းကြောင့် 

အိမ်လေးတစ်အိမ်လုံး မျက်ရည်တွေကြားမှာ ပြုံးနိုင်ခဲ့ကြတယ်။

အဖေရော အမေပါ ပြုံးနေကြပေမဲ့ မျက်ဝန်းတွေမှာတော့ 

မျက်ရည်စတွေနဲ့။

နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခတွေကို အန်တုရင်း ကြိုးစားခဲ့တဲ့ 

သားလေးရဲ့အောင်မြင်မှုဟာ အဖေ အမေအတွက် 

ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။

 ပျော်လွန်းလို့ အဝေးက ဆွေမျိုးတွေဆီ ဖုန်းဆက်လိုက်တာ 

ရှိသမျှ ဖုန်းဘေလ်တွေ ကုန်မှပဲ ရပ်ကြတော့တယ်။

​ဒါပေမဲ့... အဲဒီပျော်ရွှင်မှုနောက်မှာပဲ စိုးရိမ်စိတ်တွေက

 ကပ်ပါလာခဲ့တယ်။

ဆက်ပြီး ဘယ်လိုကျောင်းထားပေးရမလဲပေါ့ ...?”

​ခဏတာတိတ်ဆိတ်သွားချိန်မှာအဖေရဲ့ခေါင်းထဲမှာ 

ငွေစာရင်းတွက်နေမိတယ်။

 အမေကလည်း သားရဲ့အနာဂတ်ကို တွေးပူနေမိတယ်။

အိုးအိမ်ယာမဲ့ပင်စင်စားနေ၀င်ဆည်းဆာရှင်ရဲ့ဝင်ငွေက 

သိတယ်မဟုတ်လား။

 စားဝတ်နေရေးကိုတောင် မနည်းဖြည့်ဆည်းနေရတဲ့ ဘဝမို့ပါ။

 ဒါပေမဲ့ သားရဲ့ပညာရေးကိုတော့ ဘယ်သူမှ လက်မလျှော့ချင်ကြဘူး။

​သားက ငယ်ငယ်ကတည်းက စက်တွေ၊ ကွန်ပျူတာတွေနဲ့ 

နည်းပညာကို ရူးသွပ်ပြီး နည်းပညာရှင်ကြီးတစ်ယောက် 

ဖြစ်ချင်ခဲ့တာ။

 ဒါပေမဲ့ အမေကတော့ “ဆရာဝန်ဖြစ်ရင် လူတွေလည်း 

ကယ်နိုင်တယ်၊ ဂုဏ်လည်းရှိတယ်” ဆိုပြီး 

ဆေးပညာပဲ တက်စေချင်တယ်။

သားကလည်း မပြောရဲ၊

အမေကလည်း ဆန္ဒမလျှော့။

အဖေကတော့သူတို့နှစ်ယောက်ကြားမှာတိတ်တိတ်လေး 

ငြိမ်သက်နေမိတယ်။

အဖေ့စိတ်ထဲမှာတော့ 

“ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် ကျောင်းဆက်တက်နိုင်ဖို့က

 အရေးကြီးတယ်” လို့ တွေးနေတာပါ။

​တချို့ညတွေမှာအဖေအိပ်မပျော်ဘဲမျက်နှာကျက်ကိုငေးရင်း

သားအနာဂတ်ကို တွေးနေမိတယ်။

သားရဲ့အိပ်မက်ကိုလည်း မဖျက်ဆီးချင်၊ 

မိခင်ရဲ့ မျှော်လင့်ချက်ကိုလည်း မရိုက်ချိုးလို။

 ဒါပေမဲ့ လက်ထဲမှာ ရှိနေတာက ငွေမဟုတ်ဘဲ

 သောကတွေ ဖြစ်နေတယ်။

​ဘဝဆိုတာ အိပ်မက်ရှိရုံနဲ့ မလုံလောက်ဘဲ 

အဲဒီအိပ်မက်ကို ထောက်ပံ့ပေးမယ့် အင်အားလည်း လိုတာကိုး။

ဒါပေမဲ့ မိဘမေတ္တာကတော့ ဆင်းရဲခြင်းကို 

အရှုံးမပေးတတ်ပါဘူး။

 

​အဖေ့ရဲ့ ရင်ထဲက ဆန္ဒကတော့...

 

သား... ဘယ်လမ်းကိုပဲ ရွေးချယ်ပါစေ အဖေတို့ 

မဖြစ်ဖြစ်အောင် ဆက်ထားမယ်"

 သားက ကိုယ့်ဝါသနာကို ယုံကြည်ပြီး ဆက်ကြိုးစားရမယ်။

 "မင်းရဲ့အောင်မြင်မှုကမိဘနှစ်ယောက်ရဲ့ဘဝကို 

အဓိပ္ပာယ်ပြည့်စုံစေလိမ့်မယ်...”

 ​အဖေနဲ့အမေရဲ့ မျက်ရည်ဟာ အားနည်းလို့ မဟုတ်ပါဘူး။

သားရဲ့ အနာဂတ်ကို ချစ်လွန်းလို့ ကျလာတဲ့ 

မေတ္တာမျက်ရည်တွေပါ။

                                မောင်ဦး



မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...