ရေခဲမှတ်အောက်က သံယောဇဉ်
မောင်ဦး(kawlin)
သံယောဇဉ်.....သံယောဇဉ်.....
ချစ်သူနှစ်ဦးကြားက သံယောဇဉ်
မိဘနှင့်သားသမီးကြားက သံယောဇဉ်
မွေးရပ်မြေနှင့် သံေယာဇဉ်
သူငယ်ကြားက သံယောဇဉ် ....
ထို..သံယောဇဉ်တွေက
အချိန်ကြာလာတာနဲ့အမျှ ပိုနွေးလာမယ်ထင်ခဲ့တယ်။
တကယ်တမ်းမှာတော့…တချို့ သံယောဇဉ်တွေက
မမြင်ရတဲ့ ရေခဲအလွှာတစ်ခုအောက်မှာ တဖြည်းဖြည်း
အေးခဲသွားတတ်ကြတယ်။
မိသားစုဝမ်းရေးဆိုတဲ့ စကားလုံးက
အဖေ့ကို မွေးရပ်မြေကနေ ခွဲထုတ်သွားခဲ့တယ်။
သားသမီးတွေ ပညာတတ်ရမယ်ဆိုတဲ့
မျှော်လင့်ချက်ကလည်း
ညီအစ်ကိုတွေကို တမြို့တနယ်စီ
ဝေးကွာသွားစေခဲ့တယ်။
တချိန်က
အိပ်ယာပေါ်မှာ ခေါင်းချင်းဆိုင်ပြီး ရယ်မောခဲ့ဖူးတဲ့
ညီအစ်ကိုတွေဟာ…
အခုတော့ တစ်ယောက်တစ်မြို့စီမှာ ကိုယ့်ဘဝ
ကိုယ် ထမ်းပြီး ရှင်သန်နေကြရတယ်။
ဒီလိုနဲ့ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားခဲ့တယ်။
“ဒီနှစ်တော့ အိမ်ပြန်ဆုံကြရအောင်…”ဆိုတဲ့
အမေရဲ့အသံက ဖုန်းလိုင်းတစ်ဖက်ကနေ
နွေးနွေးထွေးထွေး ရောက်လာခဲ့တယ်။
အလုပ်က ခွင့်ယူရခက်တဲ့သူက
ခွင့်ယူခဲ့တယ်။
စာမေးပွဲနီးနေတဲ့သူက အချိန်ညှိခဲ့တယ်။
ခရီးဝေးသူက ညကားစီးပြီး ပြန်လာခဲ့တယ်။
အဲဒီနေ့အတွက် အမေက မနက်အစောကြီးကတည်းက
ဈေးသွားတယ်။
သားတွေကြိုက်တဲ့ ဟင်းတွေ…ငယ်ငယ်တုန်းက
လုစားခဲ့ဖူးတဲ့ ဟင်းခွက်တွေ…
တစ်ယောက်ကြိုက်တာတစ်မျိုးစီကို မှတ်မိနေသေးတဲ့
အမေက အိုးတွေ တလုံးပြီးတလုံး မီးဖိုပေါ်တင်ရင်း
တိတ်တိတ်လေး ပြုံးနေခဲ့တယ်။
“ဒီနေ့တော့ အိမ်မှာ စည်စည်ကားကား ဖြစ်တော့မယ်…” ပေါ့။
အဖေကလည်း ထမင်းဝိုင်းအတွက် စားပွဲကုလားထိုင်တွေ
ပြန်စီရင်းပီတိတွေ ဖြစ်နေခဲ့တယ်။
နှစ်ပေါင်းများစွာ မမြင်ရတဲ့ မြင်ကွင်းတစ်ခု…
မိသားစုထမင်းဝိုင်း စုံစုံညီညီ။
ဒါပေမယ့်…
တကယ်တမ်း ထမင်းစားကြတဲ့အချိန်မှာတော့
အမေ မျှော်လင့်ထားတဲ့ ရယ်သံတွေ
မကြားရဘူး။
အဖေ မြင်တွေ့ချင်တဲ့ မြင်ကွင်းကပေါ်
မလာဘူး။
“ဟေ့ကောင်… မင်းမှတ်မိသေးလား…”ဆိုတဲ့
စကားတွေ မရှိဘူး။
ငယ်ငယ်တုန်းကလို ဟင်းလုစားတာတွေ မရှိဘူး။
တစ်ယောက်နဲ့တစ်ယောက် အပြုံးပါးပါးလောက်ပဲ ဖလှယ်ကြပြီး
ခေါင်းငုံ့ကာ ထမင်းစားနေကြတယ်။
ထမင်းဝိုင်းထဲမှာ ဇွန်းနဲ့ပန်းကန် ထိခတ်သံကလွဲပြီး
ဘာသံမှ မကြားရတော့ဘူး။
ထမင်းစားပြီးတဲ့နောက်…သားတစ်ယောက်က
TV သွားဖွင့်ကြည့်နေတယ်။
တစ်ယောက်က စာအုပ်ယူဖတ်နေတယ်။
တစ်ယောက်က ဖုန်းကိုပဲ ငုံ့ပွတ်နေတယ်။
အဖေက သားတွေမျက်နှာကို တစ်ယောက်ပြီးတစ်ယောက်
ကြည့်ပြီး ငိုင်နေတယ်။
အမေကတော့ ထမင်းဝိုင်းသိမ်းဆည်းရင်းတစ်ခုခုကို
နားလည်သွားသလို တိတ်ဆိတ်သွားတယ်။
အိမ်တစ်အိမ်တည်းမှာ ရှိနေကြပေမယ့်
တစ်ယောက်နဲ့တစ်ယောက် မရောက်ကြတော့တဲ့
ကမ္ဘာတွေထဲမှာ အသီးသီး ရှင်သန်နေကြသလိုပဲ။
တကယ်တော့...ညီအစ်ကိုတွေ
အဝေးကြီး ခွဲခွာခဲ့တာက လူချင်းအကွာအဝေးပဲ မဟုတ်ဘူး။
နှလုံးသားချင်း အကွာအဝေးတွေလည်း
ဖြစ်နေခဲ့တာပါ။
တချို့သံယောဇဉ်တွေက မပျက်သွားကြဘူး…
ဒါပေမယ့် ..အချိန်ဆိုတဲ့ အအေးဒဏ်အောက်မှာ
တဖြည်းဖြည်း အေးခဲသွားတတ်ကြတယ်။
အဲဒီညက မိသားစုဝင်အားလုံး စုံစုံညီညီရှိနေခဲ့ကြပေမယ့်…
နွေးထွေးမှုတချို့ကတော့ ရေခဲမှတ်အောက်ကို
ရောက်နေခဲ့သည်ကို သိလိုက်ရတဲ့ အဖေနဲ့အမေမှာ..........။
(28-10-2016 မိသားစုံညီအမှတ်တရ ရေးခဲ့သည်မှ)
မောင်ဦး(kawlin)


No comments:
Post a Comment