ငယ်ရွယ်စဉ်
ဒေါသကို မီးတောက်လုပ်ပြီး
လောဘကို လမ်းပြလုပ်ကာ
မောဟကို မိတ်ဆွေ အဖြစ်
ဘဝကို အရှိန်ပြင်းပြင်း မောင်းခဲ့တယ်။
အိမ်တွေကို အိပ်မက်လို ဆောက်
ကားတွေကို ဂုဏ်ယူလို့ စီး
စိန်ရွှေ ရတနာတွေကို
အောင်မြင်မှုရဲ့ အလေးချိန်လို့
ထင်ခဲ့မိတယ်။
သားသမီးတွေတောင်
ကိုယ့်အရိပ်အောက်မှာ
မေတ္တာမပြည့်တဲ့ ရယ်သံတွေနဲ့
ကြီးလာခဲ့ရတယ်။
အသက်ရလာတဲ့အခါ
စစ်ဘေးဒဏ်က
တံခါးမခေါက်ဘဲ ဝင်လာတယ်။
နှစ်ပေါင်းများစွာ စုဆောင်းခဲ့သမျှ
တစ်ခဏအတွင်း
ပြာမှုန့်လို လေထဲ ပျောက်သွားကြတယ်။
ဒီအချိန် သိလိုက်ရတာက—
ကိုယ်ပိုင်တယ် ထင်ခဲ့တာတွေဟာ
ကိုယ့်ကို ချည်ထားတဲ့ ကြိုးတွေဖြစ်ခဲ့တယ်ဆိုတာကိုပဲ။
ဆုံးရှုံးမှ
ရင်ထဲက အလေးချိန် လျော့သွားတယ်။
အခုတော့
ပစ္စည်းရှာဖို့ စိတ်ကုန်ရပြီ။
ခွန်အားတွေ သုံးဖို့ရပ်ရပြီ။
လက်ဗလာပေမဲ့
နှလုံးသားက လွတ်လပ်လာပြီ။
နေရောင်ခြည် တစ်စက်
လေညင်းသံတစ်ချက်
သားသမီးရဲ့ ခေါ်သံလေးတစ်ခါ—
အဲ့ဒီတွေက
ကိုယ့်ရဲ့ နောက်ဆုံး စည်းစိမ်တွေ။
ကျန်ရှိတဲ့ ရှင်သန်ချိန်ကို
အမြန် မမောင်းတော့ဘူး။
လောကကို
စိတ် ပျော်ရွှင်စွာ
သက်တောင့် သက်သာ
အေးအေး ဆေးဆေး ဖြတ်သန်း သွားရမယ်။
စိတ်ပုတီးကြီးနဲ့ ရိပ်ကြီးခို
တာထက်
ကိုယ်ချင်းစာ တရားများများ
မွေးရမယ်။
လိုချင်တာထက် ပေးကမ်းချင်တာပဲ
လုပ်ရမယ်။
အဲဒါ ဘာကြောင့်လဲ
ရှင်သန်ချိန်မှာ ဆည်းဆာ ဘဝရဲ့တန်ဖိုးတက်ချင်လို့ပေါ့။
မောင်ဦး

No comments:
Post a Comment