အတ္တသမား

အတ္တသမားလား .... နွားလား...
                               (မောင်ဦး)

လူဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက 

ခရီးကို "ဘဝ" လို့ ခေါ်ကြတယ်။

ဒီနေ့တော့ ဘာရယ်မဟုတ်ပါဘူး။ 

ကိုယ့်ဘဝကို ကိုယ်ပြန်တွေးမိရင်း

 ရင်ထဲပေါ်လာတာလေး ရေးမိတာပါ။

ဒီနေ့ မွေးရပ်မြေက ဆွေမျိုးတချို့ 

အလည်ရောက်လာကြတယ်။ 

အိမ်ရောက်ရောက်ချင်းပဲ ကျွန်တော့်ကို 

ပြောလိုက်တဲ့ စကားတစ်ခွန်းက ရင်ထဲကို 

တိုက်ရိုက်ဝင်လာတယ်။

"သားယောကျ်ားတွေက အတ္တသမား... နွားတွေပါဟယ်"  တဲ့။

ဟာသလိုလို၊ အပြစ်တင်သလိုလို ပြောလိုက်တဲ့

 စကားက ကျွန်တော့်ရင်ထဲမှာ အောင့်သက်သက်

 ဖြစ်သွားစေတယ်။

သူတို့ရောက်လာလို့ ဝမ်းသာရသလို၊ 

ဝမ်းနည်းရတာလည်း ရှိတယ်။ မတွေ့မမြင်ရတာ 

ဆယ်စုနှစ်ချီ ကြာခဲ့ပြီဆိုတော့ အတိတ်က

 အရိပ်တွေ ပြန်ပေါ်လာတယ်။

ထိုက်သင့်တဲ့ ပြုစုစောင့်ရှောက်မှု မရဘဲ 

ဆုံးပါးသွားခဲ့တဲ့ မိဘတွေကို သတိရမိတယ်။

မိဘရှိစဉ်က ရွာမပြန်နိုင်ခဲ့တဲ့ နေ့ရက်တွေကို 

နောင်တရမိတယ်။

ငယ်ဘဝမှာ သင်ပေးခဲ့တဲ့ ဆရာတွေကို 

နောက်ဆုံးအကြိမ်တောင် မတွေ့လိုက်ရဘဲ 

ဆုံးရှုံးခဲ့ရတာကို တွေးမိတယ်။

အချိန်တွေဟာ လူကို မစောင့်ဘူးဆိုတာ

 သိပေမယ့် တစ်ခါတလေတော့ ရင်နာမိဆဲပါပဲ။

ရွာပြန်ရင် ဘယ်လောက်ပဲ ကျွေးမွေးချင်ချင်၊

 ဘယ်လောက်ပဲ ပြန်လည်ပေးဆပ်ချင်ချင် 

အစားထိုးမရနိုင်တော့တဲ့ မိဘနှစ်ပါး မရှိတော့ဘူး

ဆိုတဲ့ အသိက ရင်ထဲမှာ နင့်နေတုန်းပဲ။

ဆွေမျိုးတွေက ကျွန်တော့်ကို အတ္တသမားလို့ 

ပြောကြတယ်။

မလွန်ပါဘူး။

ရွာက ထွက်လာပြီးတဲ့နောက် ရွာကို 

တစ်ခေါက်တောင် မပြန်ဖြစ်ခဲ့ဘူး။

အခွင့်အရေး မရှိလို့ မဟုတ်ဘူး။

ပြန်ဖို့ မကြိုးစားခဲ့လို့ပါ။

ဒီအချက်ကိုတော့ ရှက်ရှက်နဲ့ ဝန်ခံရမှာပဲ။

ဒါပေမယ့် ဘဝဆိုတာ ကိုယ့်တစ်ယောက်တည်းအတွက် 

ရှင်သန်နေရတာ မဟုတ်ဘူး။

အိမ်ထောင်ကျပြီးတဲ့နောက် ဇနီးနဲ့ သားသမီးတွေဟာ 

ကိုယ့်ဘဝရဲ့ ဗဟိုဖြစ်လာတယ်။

သား‌ေတွကို လူလားမြောက်အောင်

 ပြုစုပျိုးထောင်ဖို့၊ ပညာတတ်အောင် 

သင်ပေးဖို့၊ ဘဝလမ်းကြောင်း ကောင်းကောင်းပေါ် 

ရောက်စေဖို့ အလုပ်မျိုးစုံ လုပ်ခဲ့ရတယ်။

ဒုက္ခမျိုးစုံကိုလည်း ဖြတ်သန်းခဲ့ရတယ်။

ဒီနေ့...အသီးအပွင့်တွေ‌ေပြီ။

ဒီအသီးအပွင့်တွေက ကျွန်တော့်ဘဝရဲ့ ဂုဏ်ယူစရာတွေပါ။

ဒါပေမယ့် အဲဒီအသီးအပွင့်တွေ ရဖို့ ကြိုးစားရင်း
 
မိဘတွေကို ပြုစုဖို့ လစ်ဟာခဲ့မိတယ်။

မောင်နှမတွေကို မေ့ခဲ့မိတယ်။

ဆွေမျိုးတွေကို သတိမရ။

ပြန်ကြည့်လိုက်တော့ ဘဝရဲ့ တစ်စိတ် 

တစ်ပိုင်းဟာ  လွတ်ကျန်နေခဲ့ပြီ။

ဒါကြောင့် ကျွန်တော့်ကို အတ္တသမားလို့ ခေါ်ရင်လည်း 

ငြင်းစရာ မရှိပါဘူး။

ဒါပေမယ့်...

အတ္တသမားဆိုတာ ကိုယ့်အကျိုးတစ်ခုတည်း

 ကြည့်တဲ့သူကို ခေါ်တာဆိုရင် ကျွန်တော် 

ဘယ်လောက်အထိ အတ္တကြီးခဲ့သလဲလို့ 

ပြန်မေးချင်မိတယ်။

တစ်သက်လုံး ကိုယ်နဲ့ သွေးမတော်၊ သားမစပ်တဲ့

 မိန်းမတစ်ယောက်ကို "ဇနီး" ဆိုပြီး လုပ်ကျွေးခဲ့တယ်။

နောင်တစ်ချိန်မှာ ကိုယ့်သားရဲ့ ဇနီးဖြစ်လာမယ့်

 သူစိမ်းမိန်းကလေးတစ်ယောက် ကောင်းကောင်းမွန်မွန်

 နေထိုင်နိုင်ဖို့ ကိုယ့်သားတွေကို ပညာတတ်အောင်

 ပြုစုပျိုးထောင်ခဲ့တယ်။

ဒီလိုလုပ်နေတာ အတ္တလား...

ဒါမှမဟုတ် တာဝန်လား...

ကျွန်တော်တော့ မသိဘူး။

ဒါပေမယ့် ကျွန်တော့်လို မိဘတွေအတွက်

 သားယောကျ်ားတွေဟာ သားတွေဖြစ်သလို...

ယောက္ခမတွေအတွက်တော့ "နွား" တွေလည်း

 ဖြစ်ကောင်းဖြစ်မယ်။

အဲဒီလိုဆိုရင်...

ကျွန်တော့်မိဘတွေကလည်း "နွား" တစ်ကောင်

 မွေးခဲ့ဖူးတယ်လို့ ဆိုရမလား။

တစ်နေ့ ရွာပြန်ဖြစ်ခဲ့ရင်...

အမေ့သင်္ချိုင်းရှေ့မှာ ရပ်ပြီး

"အမေ...

အမေမွေးခဲ့တဲ့ နွားတစ်ကောင် ပြန်လာပါတယ်"

လို့ အော် ငိုယိုမှတပါး အခြားမရှိ......။
                                    မောင်ဦး  ( တိုဟူး)

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ

မမျှတခဲ့ သော အချစ်ရဲ့ နောင်တ                                          (မောင်ဦး) နောင်တ 💔 ဆိုတာ အတိတ်ကို ပြန်ပြင်လို့ မရတော့တဲ့ အချိန်မှာ...