ဘဝ…
မောင်ဦး(တိုဟူး)
“ပြေးလိုက်… လွှားလိုက်… လှုပ်ရှားလိုက်…”
ဒီလိုနဲ့ပဲ လူတစ်ယောက်ရဲ့ နေ့ရက်တွေဟာ
ရွေ့လျားကုန်ကြတယ်။
မွေးဖွားလာချိန်ကနေ သေဆုံးသွားတဲ့
အချိန်အထိ ကြားကာလကို “ဘဝ” လို့
ခေါ်ကြတယ်ဆိုပေမယ့် ငယ်ငယ်တုန်း
ကတော့ ဘဝဆိုတာ အဆုံးမရှိ ရှည်လျား
နေမယ်လို့
ထင်ခဲ့ဖူးတယ်။
အဲဒီတုန်းက ဘဝဟာ
မြန်မာ့မီးရထားစီးရသလိုပဲ။
တဂျုန်းဂျုန်း…
တဂျိမ်းဂျိမ်း…
ဘူတာတိုင်းမှာ ရပ်သေးတယ်။
မုန့်ဟင်းခါးသည် တက်လာလိုက်၊
ကွမ်းယာသည် အော်လိုက်၊
“ရေရမယ်… ကော်ဖီရမယ်…”
ဆိုတဲ့အသံတွေ
ကြားလိုက်နဲ့…
ခရီးက မဆုံးနိုင်လောက်အောင်
ရှည်တယ်လို့ ထင်ခဲ့တာ။
တစ်နှစ်ဆိုတာလည်း အကြာကြီး။
နွေရာသီကျောင်းပိတ်ရက်ဆိုတာတောင်
မကုန်နိုင်လောက်အောင် ရှည်ခဲ့တယ်။
ဒါပေမယ့်…
အသက်လည်း ရလာရော
ဘဝဆိုတာ မြန်မာ့မီးရထား စီးရသလို
မဟုတ်တော့ဘူး။
ဂျပန်ကျည်ဆံရထားကြီး ဖြစ်နေပြီ။
“ဖွီး…” ဆိုတာနဲ့
တစ်လကုန်…
“ဝှစ်…” ဆိုတာနဲ့
တစ်နှစ်ပျောက်…
မနေ့တနေ့ကပဲ ဆယ်တန်းအောင်ထားသလိုလို…
လှည့်ကြည့်လိုက်တော့ ကိုယ့်သားငယ်က
ဆယ်တန်းဖြေပြီးနေပြီ။
အရင်က “ဦးလေး…” လို့ ခေါ်ခံရရင်
ဘေးနားကို လှည့်ကြည့်မိသေးတယ်။
အခုတော့ “အဘိုး…” လို့ ခေါ်သံကြားရင်တောင်
“ငါ့ကို ခေါ်တာတော့ မဟုတ်လောက်ပါဘူး”
လို့
စိတ်ထဲက ကောင်လေးက ငြင်းနေတုန်းပဲ။
တကယ် ဘဝရဲ့အမြန်နှုန်းကို သဘောပေါက်လာတဲ့
အချိန်မှာတော့ ခေါင်းပေါ်က ဆံနက်တွေကြားထဲ
ဆံဖြူတွေက ဖိတ်စာမပို့ဘဲ တစ်ချောင်းပြီး
တစ်ချောင်း ရောက်လာကြပြီ။
မျက်နှာကလည်း တင်းတင်းရင်းရင်း
မရှိတော့။
အသားအရေတွေက လျော့ရဲလာပြီ။
လှေကားတက်ရင်တောင် ဒူးက အသံပေးလာတယ်။
အရင်က “အချစ်ကြောင့်” ရင်ခုန်ခဲ့တဲ့နှလုံးသားက
အခုတော့ “သွေးပေါင်တက်မှာစိုးလို့”
ရင်ခုန်နေရတဲ့ဘဝ။
ဒါပေမယ့်…
စိတ်ထဲက ကောင်လေးကတော့ မအိုသေးဘူးဗျ။
တခါတလေ မှန်ကြည့်ပြီး
“ငါက နုနေသေးသားပဲ…” လို့
တွေးမိသေးတယ်။
ဘေးကမိန်းမက—
“မျက်မှန်မတပ်ဘဲ ကြည့်လို့ပါ…”တဲ့။
ဘဝမှန်ကို ပြန်ပြတတ်သေးတယ်။
ဟုတ်ပါတယ်လေ…
လူဆိုတာ အသက်ကြောင့် အိုသွားတာထက်
စိတ်ကြောင့် ပိုအိုသွားတတ်ကြတာ
မဟုတ်လား။
တချို့က အသက်ငယ်ပေမယ့်
မျက်နှာကြည့်လိုက်ရင်
ဘဏ်ချေးငွေသုံးခုနဲ့
နေ့ပြန်တိုးအကြွေး တင်ထားသလို
ပင်ပန်းနေတတ်တယ်။
တချို့ကတော့ ဆံဖြူနေပြီ…
အသက်ကြီးနေပြီ…
ဒါပေမယ့် ရယ်လိုက်ရင် လူငယ်လေးလို
လင်းနေတုန်းပဲ။
ကျွန်တော်ကတော့ အဲဒီလိုလူမျိုးတွေကို
သဘောကျတယ်။
အသက်ကြီးပေမယ့် ဟာသမသေတဲ့လူ။
ဘဝထိုးနှက်ချက်တွေကြားမှာတောင်
လူတွေကို ပြုံးပြနိုင်သေးတဲ့လူ။
အဲဒါဟာ ဘဝကို ရှုံးမပေးသေးတဲ့လူတွေပဲ။
တကယ်တော့…
ဘဝဆိုတာ ရထားစီးရသလိုပါပဲ။
တချို့လူတွေက ကိုယ့်ဘဝဘူတာမှာ
ခဏတက်လာပြီး
နှုတ်မဆက်ဘဲ ဆင်းသွားကြတယ်။
တချို့အမှတ်တရတွေကတော့
ပြတင်းပေါက်ဘေးက ရှုခင်းလို
ခဏလေးမြင်ရပေမယ့်
တစ်ဘဝလုံး စိတ်ထဲကျန်ခဲ့တတ်တယ်။
အခုတော့…
ရထားက မြန်နေပြီမှန်း သိလာပြီ။
ဒါပေမယ့်
ခရီးဆုံးမရောက်သေးသရွေ့တော့
ပြတင်းပေါက်ဘေးမှာထိုင်ပြီး
လေကလေးတဖြူးဖြူးခံရင်း
စိတ်ထဲက ကောင်လေးနဲ့အတူ
ရယ်ရယ်မောမော ဆက်စီးသွားချင်သေးတယ်ဗျာ...။

1 comment:
🙏🙏🙏🙏🙏👍👍👍👍
Post a Comment